International News: ဘယ်လ်ဂျီယံမှာ ဆန္ဒပြတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

တာဝန်ချိန်မဟုတ်တဲ့ စစ်သား ၈,၅၀၀ က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်မှာ စုရုံးဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်များသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

play


ဘယ်လ်ဂျီယံနိုင်ငံမှာ အငြိမ်းစားယူနိုင်တဲ့ အသက်ကို တိုးမြှင့်လိုက်မှုအပေါ် ဆန္ဒပြကြတဲ့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက်က တာဝန်ချိန်မဟုတ်တဲ့ စစ်သား ၈,၅၀၀ က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့လယ်မှာ စုရုံးဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့က မီးသတ်ရေပိုက်များသုံးပြီး ဖြိုခွဲခဲ့ပါတယ်။

play


ဆန္ဒပြ စစ်သားတွေက မီးခိုးဗုံးနဲ့ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်လာမှုကြောင့် ထိုသို့ ဖြိုခွင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဘယ်လ်ဂျီယံအစိုးရက စစ်ဘက်ဆိုင်ရာအမှုထမ်းတွေ အငြိမ်းစားယူနိုင်တဲ့ အသက်ကန့်သတ်ချက်ကို ၅၆ နှစ်မှ ၆၃ နှစ်သို့ တိုးမြှင့်လိုက်ကြောင်း ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပါရီမြို့ တိုက်ခိုက်မှုနဲ့ ယခုနှစ် မတ်လအတွင်း ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘယ်လ်ဂျီယံ စစ်သားတွေဟာ အစိုးရနဲ့ ဥရောပသမဂ္ဂ အဆောက်အအုံတွေကို နာရီမလပ် စောင့်ကြပ်တာဝန် ထမ်းဆောင်ခဲ့ရကြောင်းလည်း သိရပါတယ်။

ဆန္ဒပြမှုပေါ်ပေါက်ခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ဟာ ဘယ်လ်ဂျီယံမှာ စစ်သားတွေအတွက် တရားဝင်သတ်မှတ်ထားတဲ့ ပိတ်ရက်တစ်ရက်လည်း ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ