International News: ဂျပန်မှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်

, updated

ဖူကူရှီးမားစီရင်စုရှိ အိုနာဟားမားဆိပ်ကမ်းမှာ ၂ ပေနီးပါးရှိ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ၃ ပေအနီးအထိ ရှိလာခဲ့ကြောင်း ဂျပန်သတင်းဌာန NHK က ပြောပါတယ်။

play


ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ပစိဖိတ်ကမ်းရိုးတန်းမှာ ဆူနာမီရေလှိုင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရပါတယ်။ ငလျင်ဟာ ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ဒေသစံတော်ချိန် နံနက် ၅း၅၉ မှာ ဖူကူရှီးမားစီရင်စု ကမ်းလွန်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

play
ငလျင်လှုပ်ခတ်ပြီးနောက် ဖူကူရှီးမားမှာ ပြောင်းရွှေ့မှုများ ပြုလုပ်ကြရာ ယာဉ်ကြောပိတ်ဆို့နေစဉ်


ငလျင်ရဲ့ပြင်းအားကို US Geological Survey ဝက်ဘ်ဆိုက်က ၆.၉ ရစ်ချစ်တာစကေးအဖြစ် ဖော်ပြခဲ့ပြီး ဂျပန်မိုးလေဝသအေဂျင်စီက ၇.၄ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ US Geological Survey က အစောပိုင်းမှာ ငလျင်ရဲ့ပြင်းအားကို ၇.၃ ရစ်ခ်ျတာစကေးအဖြစ် ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ၆.၉ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။


ဖူကူရှီးမားစီရင်စုရှိ အိုနာဟားမားဆိပ်ကမ်းမှာ ၂ ပေနီးပါးရှိ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ၃ ပေအနီးအထိ ရှိလာခဲ့ကြောင်း ဂျပန်သတင်းဌာန NHK က ပြောပါတယ်။ ဒါ့အပြင် မီယာဂီစီရင်စုရှိ စန်ဒိုင်းဆိပ်ကမ်းမှာလည်း အမြင့် ၄.၆ ပေရှိတဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

East Japan Railway ကုမ္ပဏီက တိုဟိုကူ၊ ဂျိုဆူနဲ့ ဟိုကူရီကူမှာ ပြေးဆွဲတဲ့ ရှင်ကန်ဆန်းကျည်ဆန်ရထား ခရီးစဉ်တွေကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ကမ်းရိုးတန်းဒေသရှိ Tokyo Electric Power ကုမ္ပဏီရဲ့ Fukushima Daini နျူကလီးယားဓာတ်အားပေးစက်ရုံမှ အအေးပေးစနစ်ကို ခေတ္တရပ်ဆိုင်းခဲ့ရပြီးနောက် ပုံမှန်ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီက ပြောပါတယ်။

နျူကလီးယားဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရပါတယ်။ ထို့အတူ ငလျင်လှုပ်ခတ်ရာဒေသတွင်းရှိ Tohoku Electric Power ကုမ္ပဏီပိုင် Onagawa နျူကလီးယားဓာတ်အားပေးစက်ရုံမှာလည်း ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဆိုပါတယ်။ ယနေ့ ငလျင်လှုပ်ခတ်တဲ့ ဒေသမှာ ၂၀၁၁ ခုနှစ်ကလည်း ပြင်းထန်တဲ့ငလျင်နဲ့အတူ ဆူနာမီရေလှိုင်းများ တက်ရောက်ကာ ဖူကူရှီမား နျူကလီးယားကပ်ဘေး ဆိုက်ရောက်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ခ်ျတာစကေး ၉ အဆင့်ရှိ အင်အားပြင်းထန်လှတဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့ကာ ချာနိုဘိုင်းလ်ဖြစ်ရပ်ပြီးလျှင် ကမ္ဘာမှာ အဆိုးရွားဆုံး နျူကလီးယားကပ်ဘေး ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: USGS, Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ