International News: ဖိလစ်ပိုင်နဲ့အမေရိကန် ပူပေါင်းစစ်ရေးလေ့ကျင့်မှုလျှော့ချရန် သဘောတူညီမှုရ

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်မြေပေါ်မှာ နိုင်ငံခြားတပ်ဖွဲ့များ မရှိစေလိုကြောင်းနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းမယ်လို့ ပြောကြားထားခဲ့ဖူးပါတယ်။

play
ဖိလစ်ပိုင်နဲ့ အမေရိကန် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု


ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာအရာရှိများက နှစ်နိုင်ငံ ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အကြိမ်ရေနဲ့ ဖိလစ်ပိုင်ရှိ အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက် လျှော့ချသွားရန် သဘောတူညီခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၂၂ ရက်) ပြုလုပ်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်းမှုမှာ ပါဝင်ခဲ့သူ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားပါတယ်။

play
ဖိလစ်ပိုင်သမ္မတဒူတာတေး


ဆွေးနွေးညှိနှိုင်းမှုအပြီး နှစ်နိုင်ငံစစ်တပ်က ပူးတွဲထုတ်ပြန်ချက်မှာ မည်သည့်အတိုင်းအတာမျှ လျှော့ချမှုများ ပြုလုပ်သွားမယ့်အကြောင်း မဖော်ပြခဲ့ပါဘူး။ အဆိုပါ ပူးတွဲထုတ်ပြန်မှာ နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

မနီလာမှာပြုလုပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုအပြီး ထုတ်ပြန်ချက်အတွင်း ဖော်ပြထားတဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်များမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ သဘာဝဘေးအန္တရာယ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပင်လယ်ရေကြောင်း လုံခြုံမှုဆိုင်ရာတို့ ပါဝင်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဖိလစ်ပိုင်မြေပေါ်မှာ နိုင်ငံခြားတပ်ဖွဲ့များ မရှိစေလိုကြောင်းနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းမယ်လို့ ပြောကြားထားခဲ့ပါတယ်။

သမ္မတဒူတာတေးက ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံကိုသွားရောက်စဉ် ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ သီးခြားစီဖြစ်ကြောင်း ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာ ၎င်းရဲ့ပြောကြားမှုကို ပြန်ရုပ်သိမ်းခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ