International News: ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ကို ခမာနီခေါင်းဆောင်များ အယူခံဝင်မှု တရားရုံးပယ်ချ

ခမာနီခေါင်းဆောင် နှစ်ဦးအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ ၎င်းတို့ အဓိကပါဝင်ပတ်သက်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် သင့်လျော်ကြောင်း တရားရုံးက ပြောပါတယ်။

play
ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရသည့် ခမာနီခေါင်းဆောင်ဟောင်းနှစ်ဦး။


ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု တရားရုံးက ခမာနီခေါင်းဆောင်ဟောင်းနှစ်ဦးရဲ့ အယူခံဝင်မှုကို ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ပယ်ချလိုက်ပါတယ်။ အဆိုပါ ခမာနီခေါင်းဆောင်နှစ်ဦးကို လူသားချင်း စာနာထောက်ထားမှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ထားတာ ဖြစ်ပါတယ်။

play
ခမာနီလက်ထက်က နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ S-21 အကျဉ်းစခန်း။


ကမ္ဘောဒီးယားမှာ ခမာနီများ အုပ်ချုပ်ခဲ့စဉ် ၁၉၇၀ ပြည့်လွန်နှစ်များက ခေါင်းဆောင်များဖြစ်တဲ့ Nuon Chea နဲ့ Khieu Samphan တို့ကို ၂၀၁၄ ခုနှစ် သြဂုတ်လက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ခမာနီခေါင်းဆောင် နှစ်ဦးအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ ၎င်းတို့ အဓိကပါဝင်ပတ်သက်ခဲ့တဲ့ ရာဇဝတ်မှုများအတွက် သင့်လျော်ကြောင်း တရားရုံးက ပြောပါတယ်။

play
S-21 အကျဉ်းစခန်း အတွင်းပိုင်းမြင်ကွင်း


Brother Number Two လို့ သိကြတဲ့ ခမာနီခေါင်းဆောင် Nuon Chea ကို လူပေါင်း ၂.၂ သန်း သေဆုံးမှုအတွက် အဓိက တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ၎င်းဟာ ခမာနီအကြီးအကဲရဲ့ ညာလက်ရုံးအဖြစ်လည်း နာမည်ကြီးခဲ့ပြီး ၁၉၆၀ ပြည့်နှစ်မှာ ကမ္ဘောဒီးယားကွန်မြူနစ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

Nuon Chea ဟာ ခမာနီလက်ထက်က စစ်ဆေးမေးမြန်းမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ဖနွမ်းပင်မြို့ရှိ S-21 အကျဉ်းစခန်းကို တည်ထောင်ရန် ညွှန်ကြားခဲ့သူလို့လည်း ဆိုပါတယ်။ Tuol Sleng အထက်တန်းကျောင်းကို S-21 အကျဉ်းစခန်းအဖြစ် ပြောင်းလဲခဲ့တာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်စစ်တပ်က ဖနွမ်းပင်မြို့ကို ဝင်ရောက်စီးနင်းခြင်းမပြုမီ နှစ်ရက်အလို ၁၉၇၅ ခုနှစ် ဇွန်နဝါရီ ၅ ရက်မှာ Nuon Chea က Brother Duch အမည်တွင်တဲ့ S-21 အကျဉ်းစခန်းမှူးကို အကျဉ်းသားများအား သတ်ပစ်ရန် အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။

Brother Duch ကိုလည်း S-21 အကျဉ်းစခန်းမှာ လူ ၁၄,၀၀၀ ကို နှိပ်စက်ညှဉ်းပန်းမှုနဲ့ ကွပ်မျက်ခဲ့မှုများအတွက် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ