International News: ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူများ ဖမ်းဆီးရမိ

ဖမ်းဆီးခဲ့သူတွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ အခြေစိုက်တဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ရိုက်ညွန်ကြားချက်ကို မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများမှတစ်ဆင့် ရယူခဲ့ကြပါတယ်။

play


ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က စီးနင်းမှုများအတွင်း ဖမ်းဆီးခဲ့တဲ့ အမျိုးသားငါးဦးဟာ လာမယ့် ဒီဇင်ဘာ ၁ ရက်မှာ ပါရီမြို့ဧရိယာအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးခဲ့သူတွေဟာ အီရတ်နဲ့ ဆီးရီးယားမှာ အခြေစိုက်တဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ရိုက်ညွန်ကြားချက်ကို မိုဘိုင်းဖုန်း အက်ပလီကေးရှင်းများမှတစ်ဆင့် ရယူခဲ့ကြကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက တွေ့ရှိခဲ့ပါတယ်။

play


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စထရက်စ်ဘော့ဂ်နဲ့ မာဆေးလ်မြို့တို့မှာ စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေကြောင်း သံသယရှိသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ စထရက်စ်ဘော့ဂ်မှာ အသက် ၃၀ ဝန်းကျင်အရွယ် လူလေးဦးကို ဖမ်းဆီးခဲ့ပြီး အခြားတစ်ဦးကို မာဆေးလ်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

play


စထရက်စ်ဘော့ဂ်မှာ ဖမ်းဆီးခဲ့သူ လေးဦးအနက် နှစ်ဦးဟာ ယမန်နှစ်အတွင်းက ဆီးရီးယားကို သွားရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ မာဆေးလ်မြို့မှာ ဖမ်းဆီးခဲ့သူက အခြားလေးဦးကို မသိရှိခဲ့ဘဲ အိုင်အက်စ်ထံမှ ညွှန်ကြားချက်များကိုမူ တူညီတဲ့အရင်းအမြစ်မှ ရရှိခဲ့ကြကြောင်း သိရပါတယ်။

ဖမ်းဆီးခဲ့သူငါးဦးကို စစ်ဆေးမေးမြန်းမှုများ ဆက်လက် ပြုလုပ်နေပါတယ်။ စစ်ဆေးမှုများအရ အကြမ်းဖက် တိုက်ခိုက်နိုင်ခြေရှိတဲ့ နေရာများအနက် ပါရီမြို့ရှိ တရားရုံးများ၊ ရဲဌာနချုပ်၊ ခရစ္စမတ်ဈေးပွဲ ကျင်းပရာနေရာနဲ့ ဒစ္စနေအပန်းဖြေဥယျာဉ်တို့ ပါဝင်နေကြောင်း ပြင်သစ်သတင်းများက ပြောပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ပါရီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ခံရပြီးကတည်းက ယခုအချိန်အထိ ပြင်သစ်နိုင်ငံမှာ အရေးပေါ် အခြေအနေထုတ်ပြန်ထားကြောင်း သိရပါတယ်။
Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ