International News: စုံစမ်းရေးမှူးတွေရဲ့ မေးမြန်းမှုကို တောင်ကိုရီးယားသမ္မတ ဖြေကြားမည်မဟုတ်

အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတပတ်ဂွန်ဟေးကို နိုဝင်ဘာ ၂၉ ရက်မှာ မေးမြန်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

play


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားသွားမှာ မဟုတ်ကြောင်း ၎င်းရဲ့ရှေ့နေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ သမ္မတပတ်ဂွန်ဟေးဟာ သူငယ်ချင်းဖြစ်သူကို နိုင်ငံရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်ခွင့်ပြုခဲ့ရာက အကျင့်ပျက်ခြစားမှု အရှုပ်အထွေးနဲ့ ပတ်သက်ပြီး ရာထူးမှနုတ်ထွက်ရန် ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။

play


သမ္မတအနေနဲ့ အလျင်အမြန် ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနေရတာကြောင့် စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန် အချိန်အနည်းငယ်မျှသာရှိကြောင်း ၎င်းရဲ့ရှေ့နေက ပြောပါတယ်။ အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတပတ်ဂွန်ဟေးကို နိုဝင်ဘာ ၂၉ ရက် (ယနေ့)မှာ မေးမြန်းမှုများ ပြုလုပ်သွားရန် စီစဉ်ထားတာ ဖြစ်ပါတယ်။

play


သမ္မတပတ်ဂွန်ဟေးဟာ နိုဝင်ဘာ ၂၉ ရက်မှာ စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း ၎င်းရဲ့ရှေ့နေ ယိုယောင်ဟာက သတင်းထုတ်ပြန် ပြောကြားပါတယ်။

သမ္မတအနေနဲ့ လက်ရှိ စုံစမ်းစစ်ဆေးမှုတွေကို ဖြေကြားသွားမှာမဟုတ်ဘဲ လာမယ့်လအတွင်း အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ မေးမြန်းမှုအစီအစဉ်မှာသာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ရှေ့နေယိုယောင်ဟာက ဆိုပါတယ်။

အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးနဲ့ ပတ်သက်နေတဲ့ သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် စနေနေ့ (နိုဝင်ဘာ ၂၆ ရက်) က ဆိုးလ်မြို့မှာ ပြည်သူတစ်သန်းခွဲ စုရုံးဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ဆန္ဒပြမှုဟာ သမ္မတပတ်ဂွန်ဟေး နုတ်ထွက်ရန် ငါးကြိမ်မြောက်နဲ့ အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ခဲ့ပါတယ်။

Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ