International News: ဖိလစ်ပိုင်ရဲတပ်ဖွဲ့က မြို့အုပ်ချုပ်ရေးမှူးကို အကျဉ်းခန်းအတွင်း သတ်ဖြတ်ခဲ့ဟုဆို

ရဲတပ်ဖွဲ့ဝင်တွေက အကျဉ်းခန်းအတွင်း ညအချိန် ဝင်ရောက်ရှာဖွေရတဲ့ အကြောင်းရင်းနဲ့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်တဲ့ လုံခြုံရေးကင်မရာ မှတ်တမ်း ပျောက်ဆုံးနေခဲ့မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

play


ဖိလစ်ပိုင်အကျဉ်းထောင်မှာ သေဆုံးခဲ့တဲ့ မြို့အုပ်ချုပ်ရေးမှူးတစ်ဦးဟာ ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရေးဌာန စုံစမ်းစစ်ဆေးသူတွေက ဒီဇင်ဘာ ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ အဆိုပါ မြို့အုပ်ချုပ်ရေးမှူး ထောင်အတွင်း သေဆုံးမှုဟာ အပြန်အလှန် ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အစောပိုင်းမှာ ပြောကြားထားပါတယ်။

play
အကျဉ်းထောင်အတွင်း ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် မြို့အုပ်ချုပ်ရေးမှူး


ယခုအခါ ဒူတာတေးရဲ့ ပြောကြားထားမှုနဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ ပြောကြားမှုဟာ ကွဲလွဲနေခဲ့ပါတယ်။ အမျိုးသားထောက်လှမ်းရေးဗျူရို (NBI) က စုံစမ်းစစ်ဆေးမှုအရ ပြီးခဲ့တဲ့လအတွင်း အကျဉ်းထောင်မှာ ဖမ်းဆီးထားခဲ့တဲ့ မြို့အုပ်ချုပ်ရေးမှူး ရိုလန်ဒိုအက်စ်ပင်နိုဆာနဲ့ ၎င်းရဲ့ အကျဉ်းခန်းအဖော် ရာအူးလ်ရက်ပ်တို့ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

play
ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် ရဲတပ်ဖွဲ့အကြီးအကဲ


၎င်းတို့နှစ်ဦးဟာ အကျဉ်းခန်းအတွင်း ရှိနေစဉ် မည်သည့် ခုခံကာကွယ်နိုင်မှုမျှ မရှိခဲ့ဘဲ ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း NBI က ပြောပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဆိုပါ အကျဉ်းသားနှစ်ဦးရဲ့ အကျဉ်းခန်းအတွင်း ဝင်ရောက်ရှာဖွေစဉ် ရန်ပြုခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေဖြင့် ပစ်ခတ်ခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

play


ဖိလစ်ပိုင်လွှတ်တော်အမတ်များ၊ သတင်းမီဒီယာများနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ရဲတပ်ဖွဲ့ဝင်တွေက အကျဉ်းခန်းအတွင်း ညအချိန် ဝင်ရောက်ရှာဖွေရတဲ့ အကြောင်းရင်းနဲ့ အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်တဲ့ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်း ပျောက်ဆုံးနေခဲ့မှုအပေါ် မေးခွန်းထုတ်ထားပါတယ်။

ဖိလစ်ပိုင်အလယ်ပိုင်း အယ်လ်ဘူအီရာမြို့ အုပ်ချုပ်ရေးမှူး ရိုလန်ဒို အက်စ်ပီနိုဆာကို မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ဆက်နွှယ်တာကြောင့် ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအတွင်း ရဲတပ်ဖွဲ့က ဥပဒေထက်ကျော်လွန်ပြီး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

ဒူတာတေး သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ၅ လကျော်အတွင်း မူးယစ်ဆေးဝါးနဲ့ အခြား ရာဇဝတ်မှု နှိမ်နင်းတဲ့စစ်ဆင်ရေးနဲ့ ဆက်နွှယ်ပြီး လူပေါင်း ၅,၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source & Photo: AP, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ