International News: အစ္စတန်ဘူလ်တိုက်ခိုက်မှုကို တုံ့ပြန်သွားမည်ဟု တူရကီသမ္မတ ပြောကြား

အကြမ်းဖက် တိုက်ခိုက်သူတွေအနေနဲ့ ထွက်ပြေးလို့မရနိုင်ကြောင်းသိသင့်ပြီး ပိုမိုကြီးမားတဲ့တန်ဖိုး ပေးဆပ်ရလိမ့်မယ်လို့ သမ္မတအာဒိုဂန်က ဆိုပါတယ်

play


ရဲတပ်ဖွဲ့ဝင်အများစု အပါအဝင် လူ ၃၈ ဦး သေဆုံးခဲ့တဲ့ အစ္စတန်ဘူလ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုကို အပြီးတိုင် တိုက်ဖျက်သွားမယ်လို့ တူရကီသမ္မတအာဒိုဂန်က ဒီဇင်ဘာ ၁၁ ရက်က တုံ့ပြန်ပြောကြားလိုက်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေအနေနဲ့ ထွက်ပြေးလို့မရနိုင်ကြောင်းသိသင့်ပြီး ပိုမိုကြီးမားတဲ့တန်ဖိုး ပေးဆပ်ရလိမ့်မယ်လို့ သမ္မတအာဒိုဂန်က ဆိုပါတယ်။

အစ္စတန်ဘူလ် ဗုံးပေါက်ကွဲမှု


စနေနေ့ (ဒီဇင်ဘာ ၁၁ ရက်) နှောင်းပိုင်းက ဘီဆစ်တက်စ်ဘောလုံးအသင်းရဲ့ အိမ်ကွင်းအပြင်ဘက်မှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် တစ်မိနစ်မပြည့်မီမှာပင် အဆိုပါ ဘောလုံးကွင်းအနီး ပန်းခြံတစ်ခုမှာရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်အုပ်စုဘေးမှာ အသေခံဗုံးခွဲသူက ဗုံးဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

play


ဗုံးပေါက်ကွဲမှု နှစ်ခုအတွင်း သေဆုံးခဲ့သူ ၃၈ ဦးအနက် ရဲတပ်ဖွဲ့ဝင် ၃၀ နဲ့ အရပ်သား ၇ ဦး ပါဝင်ပြီး အခြားတစ်ဦးမှာ မည်သူမှန်းမသိနိုင်သေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် လူ ၁၅၀ ခန့်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ စနေနေ့က ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ကာ့ဒ်စစ်သွေးကြွအုပ်စု Kurdistan Freedom Falcons (TAK) က ပြောကြားထားပါတယ်။

play


TAK အဖွဲ့ဟာ တူရကီအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ကာဒစ်အလုပ်သမားပါတီ (Kurdistan Workers Party - PKK) ရဲ့ အစွန်းရောက် လက်အောက်ခံအဖွဲ့ဖြစ်ကြောင်း သိရပါတယ်။

TAK အဖွဲ့က ယခုတိုက်ခိုက်မှုမတိုင်မီ တူရကီမှာ ယခုနှစ်အတွင်း ကြီးမားတဲ့တိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ရာ အန်ကာရာမှာ နှစ်ကြိမ်နဲ့ အစ္စတန်ဘူလ်မှာ တစ်ကြိမ်ဖြစ်ပါတယ်။ အဆိုပါ တိုက်ခိုက်မှုသုံးကြိမ်အတွင်း စုစုပေါင်း လူ ၇၃ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ