International News: ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာကို အိုင်အက်စ်က ပြန်သိမ်း

လက်ရှိမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက မြို့အပြင်ဘက်မှာ ပြန်လည်စုဖွဲ့နေပြီး မြို့ကိုပြန်သိမ်းနိုင်ရန် ထိုးစစ်ဆင်ရေး ပြင်ဆင်နေပါတယ်။

play


အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဆီးရီးယားနိုင်ငံရှိ ရှေးဟောင်းသမိုင်းဝင်မြို့ ပယ်လ်မိုင်ရာကို ပြန်လည် သိမ်းပိုက်ခဲ့ကြောင်း သိရပါတယ်။ ရုရှားတိုက်လေယာဉ်များဖြင့် လေကြောင်းမှတိုက်ခိုက်နေသည့်ကြားမှပင် ပယ်လ်မိုင်ရာမြို့ကို အိုင်အက်စ်တို့က ယမန်နေ့မှာ ပြန်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ပယ်လ်မိုင်ရာမြို့ကို အိုင်အက်စ် တိုက်ခိုက်မှု


အိုင်အက်စ်တို့က ဒီဇင်ဘာ ၁၀ ရက်မှာ ပယ်လ်မိုင်ရာမြို့ အနောက်မြောက်ဘက်ပိုင်းမှ ပြန်လည် ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ကြကြောင်း သိရပါတယ်။ တိုက်ပွဲများအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၁၂၀ သေဆုံးပြီး အိုင်အက်စ်အဖွဲ့ဝင် ဆယ်ဂဏန်းမျှလည်း သေဆုံးခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ဟွမ်းစ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဘာရာဇီရဲ့ ပြောကြားမှုအရ လက်ရှိမှာ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက မြို့အပြင်ဘက်မှာ ပြန်လည်စုဖွဲ့နေပြီး မြို့ကိုပြန်သိမ်းနိုင်ရန် ထိုးစစ်ဆင်ရေး ပြင်ဆင်နေကြောင်း သိရပါတယ်။

play


ပယ်လ်မိုင်ရာမြို့ကို အိုင်အက်စ်တို့က ၂၀၁၅ ခုနှစ် မေလမှာ သိမ်းပိုက်ခဲ့ပြီး ယခုနှစ် မတ်လမှာ ဆီးရီးယားအစိုးရတပ်က ပြန်လည် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက လက်ရှိမှာ အလက်ပိုမြို့ စစ်ဆင်ရေးမှာ အာရုံစိုက်နေစဉ် အိုင်အက်စ်တို့က အခွင့်ကောင်းရယူပြီး ပယ်လ်မိုင်ရာကို ပြန်သိမ်းခဲ့ကြောင်း သုံးသပ်ထားပါတယ်။

ပယ်လ်မိုင်ရာမှ ဆီးရီးယားအစိုးရတပ်များ ဆုတ်ခွာခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာရာဇီက အတည်ပြုခဲ့ပါတယ်။ အကြမ်းဖက်သမားတွေကို ပယ်လ်မိုင်ရာမြို့မှ တိုက်ထုတ်နိုင်ရန် ဆီးရီးယားစစ်တပ်က နည်လမ်းအားလုံး အသုံးပြုသွားမယ်လို့လည်း ၎င်းက အခိုင်အမာ ပြောကြားပါတယ်။
Source & Photo: Xinhua, BBC

ယခင်သတင်း - ဆီးရီးယားရှေးဟောင်းမြို့တော် ပယ်လ်မိုင်ရာကို အိုင်အက်စ်တို့ တစ်ကြော့ပြန်ဝင်ရောက်တိုက်ခိုက်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ