International News: အာဖဂန် ဒုသမ္မတက ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ဟုဆို

ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အာမက်ရဲ့ ပြောကြားမှုအရ ဒုတိယသမ္မတနဲ့ အခြား အမျိုးသား ၁၀ ဦးတို့က ၎င်းကို ငါးရက်ကြာ အတင်းအကျပ် ဖမ်းဆီးထားခဲ့စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ဆိုပါတယ်။

play
ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အာမက်က ဒဏ်ရာများကို ပြသစဉ်

 
အာဖဂန်နစ္စတန်နိုင်ငံ ဒုတိယသမ္မတ အဗ္ဗဒူလ်ရာရှစ် ဒိုစတမ်က ၎င်းအား ပြန်ပေးဆွဲပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းက စွပ်စွဲပြောကြားလိုက်ပါတယ်။ အာဖဂန် ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးက ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ ၎င်းအား ပြန်ပေးဆွဲပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း နိုင်ငံမြောက်ပိုင်း ဂျိုဇ်ဂျန်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာမက် အက်ရှ်ချီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play
အာဖဂန်နစ္စတန် ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးဒိုစတမ်


ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အာမက်ရဲ့ ပြောကြားမှုအရ ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးဒိုစတမ်နဲ့ အခြား အမျိုးသား ၁၀ ဦးတို့က ၎င်းကို ငါးရက်ကြာ အတင်းအကျပ် ဖမ်းဆီးထားခဲ့စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးဒိုစတမ်ကတော့ အာမက်ရဲ့ စွပ်စွဲပြောကြားမှုကို ငြင်းဆိုခဲ့ပြီး လှုံ့ဆော်မှုတစ်ခုအဖြစ် တုံ့ပြန်ခဲ့ပါတယ်။ အာမက်ကို အာဖဂန်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ခြင်းသာဖြစ်ပြီး ၎င်းနဲ့မသက်ဆိုင်ဘူးလို့ ဒုတိယသမ္မတက ပြောပါတယ်။

play

 
အာမက်က အတိုက်အခံအုပ်စုတွေကို တရားမဝင်ထောက်ပံ့ခြင်းနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခြင်းတို့ကြောင့် အာဖဂန်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒုတိယသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဒုတိယသမ္မတကို ဖြုတ်ချရန် အတွင်းစည်းမှ လူအချို့က လှုပ်ရှားကြံစည်ခဲ့မှု ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားပါတယ်။

ဥဇဘက်ကစ္စတန်နွယ်ဖွား ဒုတိယသမ္မတ ဗိုလ်ချုပ်ကြီးဒိုစတမ်ဟာ ယခင်က စစ်ဘုရင်တစ်ဦး ဖြစ်ခဲ့ပြီး အာဖဂန် ပြည်တွင်းစစ်ကာလအတွင်း အဆိုးရွားဆုံး ရက်စက်ကြမ်းကြုတ်မှုအချို့အတွက် တာဝန်ရှိသူဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုတွေလည်း ရှိခဲ့ပါတယ်။ ၎င်းဟာ အာဖဂန်နစ္စတန် အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရအဖွဲ့မှာ ၂၀၁၄ ခုနှစ်အတွင်းက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အာမက်ရဲ့ ပြောကြားမှုအရ ၎င်းကို နိုဝင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးခဲ့ပြီးကတည်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရကြောင်း သိရပါတယ်။ အာမက်ရဲ့အသင်းနဲ့ ဗိုလ်ချုပ်ကြီးဒိုစတမ်ရဲ့အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆိတ်အသေကောင်ကို မြင်းစီးပြီး လုယူရတဲ့ အာဖဂန်ရိုးရာ အားကစားပြိုင်ပွဲအပြီးမှာ ၎င်းကို ဖမ်းဆီးသွားခဲ့ကြောင်း အာမက်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဒိုစတမ်က ၎င်းကို မြေပြင်ပေါ်သို့ တွန်းလှဲကာ လည်ပင်းကို ခြေထောက်ဖြင့် ဖိထားခဲ့တယ်လို့ အာမက်က ဆိုပါတယ်။ ထို့နောက် ၎င်းအား ဗိုလ်ချုပ်ကြီးဒိုစတန်ရဲ့နေအိမ်ကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

နေအိမ်ကိုရောက်ရှိချိန်မှာ ဗိုလ်ချုပ်ကြီးက ၎င်းရဲ့ အဝတ်အစားအားလုံးကို ချွတ်ပစ်ဖို့ တပည့်တွေကို အော်ဟစ်အမိန့်ပေးခဲ့ကြောင်း အာမက်က ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ နောက်ပိုင်းမှာ အာမက်ကို အာဖဂန် လုံခြုံရေးတပ်ဖွဲ့ထံ လွှဲပြောင်းပို့ဆောင်ခဲ့ပြီးနောက် ပြန်လွတ်လာခဲ့ကြောင်း သိရပါတယ်။ ယခုသတင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ အာဖဂန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီရဲ့ ရုံးခန်းက ထုတ်ပြန်ပြောကြားထားပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ