International News: အမေရိကန်က ဆော်ဒီကို လက်နက်ရောင်းချမှု ကန့်သတ်

ယီမင်မှာ ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုများရဲ့ ပစ်မှတ်ထားမှုအပေါ် အမေရိကန်သမ္မတ ဘာရတ် အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်မှုတွေ ရှိနေပါတယ်။

play
ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု မြင်ကွင်းတစ်ခု


အမေရိကန်အစိုးရက ဆော်ဒီအာရေဗီးယားနိုင်ငံကို လက်နက်ရောင်းချမှုများ ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။ ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှုများ ရှိလာခဲ့ပြီးနောက် အမေရိကန်က လက်နက်ရောင်းချမှု ကန့်သတ်မယ်လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ယီမင်စစ်ပွဲမှ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု


ဆော်ဒီကို ပစ်မှတ်လမ်းညွှန်စနစ်ပါဝင်တဲ့ လက်နက်များရောင်းချမှာ မဟုတ်တော့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ တာဝန်ရှိသူက ပြောပါတယ်။ ယီမင်မှာ ပြုလုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုများရဲ့ ပစ်မှတ်ထားမှုအပေါ် အမေရိကန်သမ္မတ ဘာရတ် အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်မှုတွေ ရှိနေပါတယ်။

play
လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့သည့် ယီမင်နိုင်ငံအတွင်း နေရာတစ်ခု


ယီမင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အသုဘအခမ်းအနားကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် လူ ၁၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ရွေးကောက်ခံ ယီမင်အစိုးရနဲ့ ဟူသီသူပုန်များကြား စစ်ပွဲမှာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုဖြင့် ယီမင်အစိုးရကို ကူညီတိုက်ခိုက်ပေးနေတာ ဖြစ်ပါတယ်။

play
ယီမင်နယ်စပ်မှာ တိုက်ခိုက်နေစဉ်


ယီမင်အစိုးရကို တိုက်ခိုက်နေတဲ့ ဟူသီသူပုန်များကို အီရန်နိုင်ငံက ကျောထောက်နောက်ခံ ပြုပေးထားကြောင်းလည်း သိရပါတယ်။ ဆော်ဒီကို လက်နက်ရောင်းချမှု ကန့်သတ်သွားမှာ ဖြစ်ပေမဲ့ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးကိစ္စတွေမှာ ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ ပင်တဂွန်တာဝန်ရှိသူက ဆိုပါတယ်။

အလားတူ အရပ်သားပစ်မှတ်များ ထိခိုက်မှုကို ရှောင်ရှားနိုင်ရန် ဆော်ဒီဦးဆောင်တဲ့လေကြောင်းတိုက်ခိုက်မှုမှ တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်သင်တန်းပေးမှုတွေလည်း အမေရိကန်က လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အမေရိကန်နဲ့ ဆော်ဒီတို့ကြား ချုပ်ဆိုထားတဲ့ ဒေါ်လာ ၃ ဘီလီယံတန်ကြေးရှိ စစ်ဘက်ရဟတ်ယာဉ်များ ရောင်းချမှုကိုမူ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ယီမင်မှာ ၂၀၁၄ ခုနှစ်က စတင်ခဲ့တဲ့ ပြည်တွင်းစစ်ပွဲအတွင်း ထောင်နဲ့ချီတဲ့ အရပ်သားသေဆုံးမှုများ ရှိခဲ့ပြီး လူဦးရေသုံးသန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ