International News: ဘန်ကီမွန်း တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

လက်ရှိသမ္မတပတ်ဂွန်ဟေးကို ရာထူးမှခဲ့ရပါက သမ္မတသစ်ရွေးချယ်ခန့်အပ်ရန် ရက် ၆၀ အတွင်း ရွေးကောက်ပွဲပြုလုပ်ရမှာ ဖြစ်ပါတယ်။

play
ကုလသမဂ္ဂ အထွေထွေးအတွင်းရေးမှူးချုပ် ဘန်ကီမွန်း


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ဘန်ကီမွန်းဟာ ကုလသမဂ္ဂ အကြီးအကဲအဖြစ် ယခုနှစ် ဒီဇင်ဘာလကုန်မှာ သက်တမ်းပြီးဆုံးမှာ ဖြစ်ပါတယ်။

ဘန်ကီမွန်း သတင်းစာရှင်းလင်းပွဲ


ကုလသမဂ္ဂ အကြီးအကဲအဖြစ် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက အနည်းငယ် အနားယူပြီးနောက် မိမိနိုင်ငံအတွက် မည်သို့အကောင်းဆုံး ကူညီနိုင်မလဲဆိုတာ စဉ်းစားသွားမယ်လို့ ပြောကြားရင်း နိုင်ငံရေးနယ်ပယ်ကို ပြန်ဝင်မယ့်အကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။


တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။ သို့သော် လွှတ်တော်က အကျင့်ပျက်ခြစားမှု နိုင်ငံရေးအရှုပ်အထွေးနဲ့ ဆက်နွယ်နေတဲ့ လက်ရှိသမ္မတ ပတ်ဂွန်ဟေးကို စွဲချက်ပြီးရာထူးမှ ဖယ်ရှားခဲ့မှု အထမြောက်ခဲ့ပါက တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲကို စောစီးစွာ ကျင်းပပြုလုပ်လာဖွယ် ရှိနေပါတယ်။

play
တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး


ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လွှတ်တော်မဲခွဲမှုမှာ သမ္မတပတ်ဂွန်ဟေးကို စွဲချက်တင်ရန်ဆုံးဖြတ်ထားပြီး အဆိုပါ ဆုံးဖြတ်ချက်ကို အခြေခံဥပဒေခုံရုံးက ရက်ပေါင်း ၁၈၀ အတွင်း အတည်ပြုခြင်း သို့မဟုတ် ပယ်ချခြင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံးက လွှတ်တော်မဲခွဲဆုံးဖြတ်မှုကို အတည်ပြုကာ သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်စေခဲ့ပါက သမ္မတသစ်ရွေးချယ်ခန့်အပ်ရန် ရက် ၆၀ အတွင်း ရွေးကောက်ပွဲပြုလုပ်ရမှာဖြစ်ကြောင်း သိရပါတယ်။

play
သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြမှု


တောင်ကိုရီးယားမှာ သမ္မတ ပတ်ဂွန်ဟေး ရာထူးမှနုတ်ထွက်ရန် ပြည်သူတွေက ဆန္ဒပြမှုများ ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာလည်း ဆက်လက် ပြုလုပ်ခဲ့ပြီး သီတင်းပတ် ၈ ပတ်ဆက်တိုက် ဆန္ဒပြမှုလည်း ဖြစ်လာခဲ့ပါတယ်။ ယနေ့ ဆန္ဒပြမှုမှာ သမ္မတပတ်ဂွန်ဟေးကို ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြအုပ်စုနဲ့ သမ္မတပတ်ဂွန်ဟေးကို ထောက်ခံသူအုပ်စု နှစ်ခုကွဲနေကြောင်းလည်း သိရပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ