International News: ဘာလင်ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက်ခဲ့သူ အီတလီမှာ ပစ်ခတ်ခံရပြီး သေဆုံး

ပြင်သစ်မှ ဆိုက်ရောက်လာတဲ့ ရထားတစ်စင်းပေါ်မှ ဆင်းသက်ထွက်ခွာလာစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။

play
တူနီးရှားလူမျိုး အေနစ်အမ်မရီ


ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းမှာ လူအုပ်အတွင်း ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ တူနီးရှားအမျိုးသား အေနစ်အမ်မရီဟာ မီလန်မြို့မှာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုအတွင်း သေဆုံးသွားကြောင်း အီတလီအစိုးရက အတည်ပြုလိုက်ပါတယ်။


အေနစ်ဟာ ယနေ့ မနက် ၃ နာရီဝန်းကျင်က ရထားတစ်စင်းပေါ်မှ ဆင်းသက်ထွက်ခွာလာစဉ် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းက ပစ္စတိုသေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်း အီတလီပြည်ထဲရေးဝန်ကြီး မာကိုမင်နစ်တီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘာလင် ခရစ္စမတ်ဈေးမှာ ထရပ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်မှု


၎င်းကို သံသယရှိမှုကြောင့် မဟုတ်ဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ်အရ စစ်ဆေးခဲ့ရာမှ ပစ်ခတ်မှုဖြစ်ခဲတာလို့လည်း ဆိုပါတယ်။ အေနစ်ဟာ ဒီဇင်ဘာ ၁၉ ရက်က ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးမှာ လူအုပ်အတွင်း အကြမ်းဖက်ဝင်တိုက်ခဲ့တဲ့ ထရပ်ကားကို မောင်းနှင်ခဲ့ကြောင်း စစ်ဆေးရေးမှူးတွေက ၎င်းရဲ့ လက်ဗွေအထောက်အထားအရ အတည်ပြုထားပါတယ်။

play
သေဆုံးသွားသည့် အေနစ်၏အလောင်းကို ဖုံးအုပ်ထားစဉ်


ခရစ္စမတ်ဈေးတန်းမှာ ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အေနစ်ဟာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ရာ ဂျာမန်ရဲတပ်ဖွဲ့က အလိုရှိကြောင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၄,၀၀၀ ဖြင့် ကြေညာချက် ထုတ်ပြန်ထားခဲ့ပါတယ်။

play
သေဆုံးသွားသည့် အေနစ်၏အလောင်းကို ဖုံးအုပ်ထားစဉ်


အေနစ်ဟာ ဂျာမနီမှ ထွက်ပြေးခဲ့ပြီးနောက် ပြင်သစ်ကိုရောက်ရှိပြီး ပြင်သစ်မှ ရထားဖြင့် အီတလီနိုင်ငံ တူရင်မြို့ကို ရောက်ရှိခဲ့ပါတယ်။ တူရင်မှာ နောက်ထပ် ရထားတစ်စီးပြောင်းစီးကာ မီလန်မြို့ကို လာရောက်ခဲ့ကြောင်း သိရပါတယ်။

play


တူနီးရှားမှာ မွေးဖွားခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အေနစ်ဟာ ၂၀၁၁ ခုနှစ်မှာ အီတလီကို ရောက်ရှိခဲ့ပြီးနောက် မကြာမီမှာပင် ဒုက္ခသည်စခန်းမှာ မီးရှို့မှုဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။ ၎င်းဟာ အီတလီအကျဉ်းထောင်မှ ၂၀၁၅ ခုနှစ်မှာ လွတ်မြောက်ခဲ့ပြီးနောက် ဂျာမနီကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

play
ဘာလင်မြို့ရှိ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့် အကြမ်းဖက်ဝင်တိုက်ခဲ့မှု


အေနစ်က ဂျာမနီမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်ထားခဲ့ရာ ပယ်ချခံရပြီး ယာယီနေထိုင်ခွင့် ထုတ်ပေးထားကြောင်း သိရပါတယ်။ ခရစ္စမတ်ဈေးတန်းကို ထရပ်ကားဖြင့် တိုက်ခိုက်မှုအား ၎င်းတို့ရဲ့စစ်သည်က လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ဒီဇင်ဘာ ၂၀ ရက်မှာ ပြောကြားထားပါတယ်။
Source & Photo: BBC, Daily Mail, SkyNews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ