International News: ဖိလစ်ပိုင်တောင်ပိုင်းမှာ ခရစ္စမတ်အကြိုနေ့ ဗုံးပေါက်ကွဲမှုဖြစ်

လက်ပစ်ဗုံးပေါက်ကွဲမှုဟာ ဘုရားကျောင်းဝင်ပေါက်နဲ့ ၉၈ ပေခန့်အကွာမှာ ဖြစ်ပွားခဲ့ပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ်အကြိုနေ့က လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ မငြိမ်မသက်ဖြစ်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတစ်ခု အပြင်ဘက်မှာ ခရစ္စမတ်အကြိုနေ့က လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ခရစ်ယန်ဘုန်းတော်ကြီးနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ခရစ်ယန်ဘုရားကျောင်းကို ခရစ္စမတ်အကြိုနေ့အဖြစ် လူအများအပြား စုရုံးလာရောက်ကြစဉ် လက်ပစ်ဗုံးပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ယခု ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း မည်သည့်အဖွဲ့ကမှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ အဆိုပါဒေသမှာ မွတ်စလင်မ်သူပုန်များနဲ့ အစ္စလာမ်မစ်အစွန်းရောက်တို့က အလားတူ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။

လက်ပစ်ဗုံးပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသူ အများစုဟာ မင်ဒါနာအိုကျွန်းရှိ မစ်ဆေယက်ပ်မြို့ စန်တိုနီနိုဘုရားကျောင်း အပြင်ဘက်မှာ ရှိနေခဲ့သူတွေ ဖြစ်ပါတယ်။ လက်ပစ်ဗုံးပေါက်ကွဲမှုဟာ ဘုရားကျောင်းဝင်ပေါက်နဲ့ ၉၈ ပေခန့်အကွာမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာမှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

မငြိမ်မသက်ဖြစ်နေတဲ့ ဖိလစ်ပိုင်တောင်ပိုင်း ကျွန်းတွေမှာ ပြန်ပေးဆွဲမှုနဲ့ ဗုံးပေါက်ကွဲမှု အန္တရာယ်ရှိနိုင်တာကြောင့် အမေရိကန်က ၎င်းရဲ့နိုင်ငံသားတွေကို အဆိုပါဒေသကို သွားရောက်လည်ပတ်ခြင်း မပြုရန် သတိပေးထားခဲ့ကြောင်းလည်း သိရပါတယ်။

ယခုနှစ် စက်တင်ဘာလအတွင်းကလည်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ဇာတိဖြစ်တဲ့ ဒါဗာအိုမြို့ရှိ လူစည်းကားရာ ဈေးတစ်ခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး ၇၀ ဒဏ်ရာရခဲ့ပါတယ်။ ဒါဗာအိုဈေး ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်သူ ၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ