International News: ဖိလစ်ပိုင်ကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်

ဖိလစ်ပိုင်အရှေ့ဘက် ကမ်းရိုးတန်းရှိ ဆိပ်ကမ်း ဒါဇင်နဲ့ချီပြီး ပိတ်ထားကာ ပင်လယ်ရေလှိုင်းအမြင့် ၆ ပေခွဲအထိ တက်ရောက်နိုင်ကြောင်း သတိပေးထားပါတယ်။

play


ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို အားအလွန်ကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်း ယနေ့ (ဒီဇင်ဘာ ၂၅ ရက်) နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်ကြောင်း သိရပါတယ်။ အားအလွန်ကောင်းတဲ့ တိုင်ဖွန်းနော့ခ်တင်း (Nock-Ten) ဟာ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် ၁၅၈ မိုင်အထိဖြင့် ဖိလစ်ပိုင်နိုင်ငံ ကတ်တန်ဒူအန်နက်စ်ကျွန်းကို ကုန်တွင်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်ကို တိုင်ဖွန်နော့ခ်တင်း ဝင်ရောက်တိုက်ခတ်မှု


လက်ရှိအချိန်အထိ မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ သေဆုံးဒဏ်ရာရမှု သတင်းတွေကို မသိရသေးပါဘူး။ မုန်တိုင်းဟာ ကတ်တန်ဒူအန်နက်စ်ကျွန်းကို ယနေ့ညနေ ဒေသစံတော်ချိန် ၆ နာရီမှာ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောပါတယ်။

play


မုန်တိုင်းစတင်ဝင်ရောက်တဲ့ ဘိုကိုးလ်ဒေသမှ လူဦးရေ ၁၀၀,၀၀၀ ကို ရေကြီးမြေပြိုမှုတွေ ဖြစ်နိုင်တာကြောင့် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အရှေ့ဘက် ကမ်းရိုးတန်းရှိ ဆိပ်ကမ်း ဒါဇင်နဲ့ချီပြီး ပိတ်ထားကာ ပင်လယ်ရေလှိုင်းအမြင့် ၆ ပေခွဲအထိ တက်ရောက်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

play


တိုင်ဖွန်းနော့ခ်တင်းဟာ ကတ်တန်ဒူအန်နက်စ်မှာ တိုက်ခတ်ပြီးနောက် မနီလာမြို့တော် အပါအဝင် ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းမကြီး လူဇွန်ကျွန်းကို တနင်္လာနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ဝင်ရောက်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်မှာ ယခုနှစ် အောက်တိုလအတွင်းကလည်း စူပါတိုင်ဖွန်းဟေမာ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပါတယ်။

ဖိလစ်ပိုင်ကို တိုင်ဖွန်းမုန်တိုင်းများ နှစ်စဉ် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလက အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန် တိုက်ခတ်ခဲ့မှုကြောင့် လူပေါင်း ၇,၃၅၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး မုန်တိုင်းသင့်ဒေသမှ မြို့များ လုံးဝပျက်စီးခဲ့ပါတယ်။
Source & Photo: AFP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ