International News: ပျက်ကျခဲ့တဲ့ ရုရှားစစ်ဘက်လေယာဉ်မှ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာ ရှာဖွေတွေ့ရှိ

ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို ရေအောက်အနက် ၅၆ ပေမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

play
ဆိုချီမြို့အနီး Black Sea ကမ်းခြေတွင် လေယာဉ်ပျက်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် ပန်းများချထားစဉ်


ပင်လယ်ပြင်အတွင်း ပျက်ကျခဲ့တဲ့ ရုရှားစစ်ဘက်လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ (Black Box) ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ပင်လယ်နက် (Black Sea) အတွင်း ပျက်ကျခဲ့တဲ့ Tu-154 လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ ပထမတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပျက်ကျခဲ့တဲ့ ရုရှားစစ်ဘက်လေယာဉ်ရဲ့ Black Box တွေ့ရှိ


ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို ရေအောက်အနက် ၅၆ ပေမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မော်စကိုမြို့သို့ ယူဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ်ပျက် အစိတ်အပိုင်း ၅ ခုကိုလည်း  ရေအောက်အနက် ၉၈ ပေမှာ တွေ့ရှိထားကြောင်း သိရပါတယ်။

play


တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၅ ရက်) က ဆိုချီမြို့အနီး အက်ဒ်လာလေဆိပ်မှ ပျံတက်ခဲ့ပြီး မကြာမီမှာ Tu-154 လေယာဉ်ဟာ ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူ ၉ ၂ ဦးလုံး သေဆုံးခဲ့ပြီး ရုပ်အလောင်း ၁၂ လောင်းကို ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

play


လေယာဉ်ပေါ်မှာ Alexandrov Ensemble စစ်တီးဝိုင်းအဖွဲ့ဝင်များ၊ ဂျာနယ်လစ်မျာနဲ့ စစ်ဘက်ဝန်ထမ်းများ လိုက်ပါသွားကြပါတယ်။ စစ်တီးဝိုင်းအဖွဲ့ဟာ ခရစ္စမတ်ကာလမှာ ဆီးရီးယားနိုင်ငံရှိ ရုရှားတပ်ဖွဲ့တွေထံ ဓမ္မတေးသီချင်းများသီဆိုရန် ဆိုချီမှထွက်ခွာသွားစဉ် လေယာဉ်ပျက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုမျိုး မရှိဘူးလို့ ရုရှားအာဏာပိုင်တွေက ပြောထားပါတယ်။ ယခု တွေ့ရှိရတဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာက လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရာမှာ အထောက်အကူ ပြုနိုင်မှာလည်း ဖြစ်ပါတယ်။
Source & Photo: BBC, RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ