International News: အာဂျင်တီးနားသမ္မတဟောင်းကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်

, updated

သမ္မတဟောင်း ဖာနန်ဒက်ဇ်က သူမအပေါ် အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်မှုနဲ့ ပတ်သက်ပြီး မည်သည့်အမှားမျှ မကျူးလွန်ထားကြောင်း ငြင်းဆိုထားပါတယ်။

play


အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ကို အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်လိုက်ကြောင်း သိရပါတယ်။ ဗဟိုတရားရုံးက ဖာနန်ဒက်ဇ်ကို တရားမဝင်ပူးပေါင်းဆောင်ရွက်မှုနဲ့ မမှန်မကန် စီမံခန့်ခွဲ အုပ်ချုပ်မှုတို့ဖြင့် စွဲချက်တင်ရန် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

play

 
တရားသူကြီး ဂျူလီယန် အာကိုလီနီက သမ္မတဟောင်း ဖာနန်ဒက်ဇ်ရဲ့ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၆၃၃ သန်းကိုလည်း ထိန်းချုပ်ထားရန် အမိန့်ထုတ်လိုက်ပါတယ်။ သမ္မတဟောင်း ဖာနန်ဒက်ဇ်က သူမအပေါ် အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်မှုနဲ့ ပတ်သက်ပြီး မည်သည့်အမှားမျှ မကျူးလွန်ထားကြောင်း ငြင်းဆိုထားပါတယ်။

စွပ်စွဲချက်တွေအရ ဖာနန်ဒက်ဇ်အစိုးရဟာ စီမံကိန်းကန်ထရိုက်ချပေးမှုတွေကို သူမရဲ့မိသားစုနဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်အား လုပ်ခွင့်ပေးခဲ့ကြောင်း သိရပါတယ်။ ဖာနန်ဒက်ဇ်ဟာ အစိုးရစီမံကိန်းတွေကို သူမရဲ့ လက်ထောက်ဟောင်းတွေဖြစ်တဲ့ စီမံကိန်းဝန်ကြီး ဂျူလီယိုဒီဗီဒို၊ ပြည်သူ့လုပ်ငန်း အကြီးအကဲ ဂျို့လိုပက်ဇ်နဲ့ စီးပွားရေးလုပ်ငန်းရှင် လာဇရိုဘေ့ဇ်တို့ကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖာနန်ဒက်ဇ်ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း စီးပွားရေးလုပ်ငန်းရှင် လာဇရိုဘေ့ဇ်ရဲ့ ဆောက်လုပ်ရေးကုမ္ပဏီက အစိုးရစီမံကိန်း ၅၀ ကျော်အထိ လုပ်ကိုင်ခွင့်ရခဲ့ကြောင်း အာဂျင်တီးနားသတင်းစာ Clarin က ဖော်ပြခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ကတော့ သူမအပေါ် စွဲချက်တင်မှုဟာ နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်ပြီး လက်ရှိသမ္မတ မာရီစီယို မက်ခရီရဲ့ အစီအစဉ်ဖြစ်ကြောင်း ပြောပါတယ်။

ဖာနန်ဒက်ဇ်ဟာ ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအထိ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်ဟာ ကွယ်လွန်သူ ခင်ပွန်းသည်ကိုဆက်ခံပြီး သမ္မတဖြစ်လာခဲ့ပါတယ်။ ဖာနန်ဒက်ဇ်ရဲ့ခင်ပွန်း နက်စ်တာကာခ်ျနာက ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အာဂျင်တီးနားသမ္မတ ဖြစ်ခဲ့ပါတယ်။

Source & Photo: Reuters, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ