International News: နှိပ်စက်တဲ့ခင်ပွန်းကိုသတ်မှုဖြင့် ထောင်ကျတဲ့ အမျိုးသမီးကို ပြင်သစ်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဆိုဗာ့ဂ်ျရဲ့ သမီးသုံးဦးက ဦးဆောင်ပြီး သူမအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရန် အရေးဆိုခဲ့ကြပါတယ်။

play
ပြင်သစ်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည့် ဆိုဗာ့ဂ်ျ (မျက်မှန်နှင့်အမျိုးသမီး)


ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းက အကြမ်းဖက်နှိပ်စက်တဲ့ ခင်ပွန်းကို သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရပါတယ်။ ပြင်သစ်မှာ သမ္မတလုပ်ပိုင်ခွင့်အာဏာသုံးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုဟာ အလွန်ရှားပါးတဲ့ ဖြစ်ရပ်လည်းဖြစ်ပါတယ်။

နှိပ်စက်တဲ့ ခင်ပွန်းကိုသတ်တဲ့ အမျိုးသမီး ပြင်သစ်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရ


ဂျက်ကွီလီနီ ဆိုဗာ့ဂ်ျ အမည်ရှိ အမျိုးသမီးဟာ သူမကို အကြမ်းဖက်နှိပ်စက်နေတဲ့ ခင်ပွန်းကို ၂၀၁၂ ခုနှစ်က သေနတ်ဖြင့်ပစ်သတ်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ပါတယ်။ ဆိုဗာ့ဂ်ျရဲ့ ခင်ပွန်းက သူမကို ဆယ်စုနှစ်များအတွင်း ရိုက်နှက်ထိုးကြိတ်ကာ အကြမ်းဖက် နှိပ်စက်ပြုမူခဲ့တယ်လို့ ဆိုပါတယ်။ ဆိုဗာ့ဂ်ျရဲ့ သမီးသုံးဦးက ဦးဆောင်ပြီး သူမအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရန် အရေးဆိုခဲ့ကြပါတယ်။

play
ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်း


အဆိုပါအမှုကို ပြင်သစ်မှာ လူသိများကြပြီး ဆိုဗာ့ဂ်ျကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် အွန်လိုင်းမှတစ်ဆင့် လူ ၃၈၀,၀၀၀ က လက်မှတ်ရေးထိုး ထောက်ခံခဲ့ကြပါတယ်။ ပြင်သစ်သမ္မတဟော်လန်းက အဆိုပါ အမျိုးသမီးရဲ့ ပြစ်ဒဏ်ကို ယခုနှစ် ဇန်နဝါရီလအတွင်း လျှော့ပေါ့ပေးခဲ့ပြီးနောက် ယခုအခါ အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။


ဆိုဗာ့ဂ်ျဟာ ပြင်သစ်သမ္မတဟော်လန်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုမှု ရရှိခဲ့တဲ့ ဒုတိယမြောက် ထောင်ချခံရသူလည်း ဖြစ်လာပါတယ်။ ၂၀၁၃ ခုနှစ်မှာ သမ္မတဟော်လန်းက ထောင်ဒဏ်အရှည်ကြာဆုံး ချမှတ်ခံထားရတဲ့ ဖိလစ်ပီ အယ်လ်ရှန်နောကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ဖူးပါတယ်။

ပြင်သစ်သမ္မတရဲ့ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် အဆိုပါ အကျဉ်းသားဟာ ထောင်ထဲမှာ ၃၈ နှစ်ကြာ အကျဉ်းကျခဲ့ပြီးနောက် ပြစ်ဒဏ်ကာလမစေ့မီ ကောင်းမွန်စွာနေထိုင်မယ့် ကတိခံဝန်ချက်ဖြင့် ထောင်မှလွတ်မြောက်ခဲ့ပါတယ်။

play
ဆိုဗာ့ဂ်ျလွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုစဉ်


ပြင်သစ်မှာ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုကို ၂၀၀၈ ခုနှစ်မှစပြီး ကန့်သတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်မှာ အထင်ရှားဆုံး ဖြစ်ခဲ့တဲ့ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ပေးမှုမှာ ၁၈၉၉ ခုနှစ်က အဲလ်ဖရက်ဒ် ဒီရီဖုစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှု ဖြစ်ပါတယ်။

ထိုစဉ်က သမ္မတက နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်ချခံရတဲ့ ဂျူးလူမျိုး စစ်ဘက်အရာရှိ အဲလ်ဖရက်ဒ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မှုအပေါ် ပြည်သူများကြား အငြင်းပွားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဆိုပါ စစ်ဘက်အရာရှိဟာ တရားရုံးမှာ အယူခံဝင်ခဲ့ပြီး ပြစ်မှုကင်းရှင်းကြောင်း သတ်မှတ်ခံခဲ့ရပါတယ်။
Source & Photo: France24, The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ