International News: အဂတိလိုက်စားတဲ့ အစိုးရအရာရှိတွေကို ရဟတ်ယာဉ်ပေါ်မှ ပစ်ချမည်ဟု ဒူတာတေးပြော

ဒူတာတေးက တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်အတွင်း အစိုးရအရာရှိတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

play


ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လူသတ်မုဒိမ်းမှုဖြင့် သံသယရှိတဲ့ တရုတ်အမျိုးသားတစ်ဦးကို ရဟတ်ယာဉ်ပေါ်မှ ပစ်ချခဲ့ဖူးကြောင်း ထုတ်ဖော်ပြောခဲ့ပြီး အဂတိလိုက်စားတဲ့ အစိုးရအရာရှိတွေကိုလည်း ထိုသို့လုပ်ရန် ဝန်လေးမှာမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။

"ခင်ဗျားတို့ အကျင့်ပျက်ခြစားရင် မနီလာကို ရဟတ်ယာဉ်နဲ့ခေါ်သွားပြီး ပစ်ချလိုက်မယ်၊ ကျုပ်အရင်ကလည်း ဒီလိုလုပ်ခဲ့ဖူးတယ်၊ နောက်ထပ် ဒီလိုမျိုး ဘာလို့ ထပ်မလုပ်နိုင်မှာလဲ" လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောပါတယ်။

play


ဒူတာတေးက တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဒေသတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်အတွင်း ဒီဇင်ဘာ ၂၇ ရက်က အစိုးရအရာရှိတွေကို ထိုသို့ သတိပေးပြောကြားခဲ့ပြီး သမ္မတရုံးက ဗီဒီယိုရိုက်ကူးကာ လွှင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒူတာတေးက ဒါဗာအိုမြို့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့စဉ်အတွင်း လူသတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ရဟတ်ယာဉ်ပေါ်က လူတစ်ယောက်ကို ပစ်ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

play

 
ဒူတာတေးဟာ သမ္မတဖြစ်လာပြီးနောက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို စစ်ပွဲအသွင် ဆောင်ရွက်နေမှုကြောင့် နာမည်ကျော်ကြားပါတယ်။ ၎င်းရဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၆,၀၀၀ ခန့် သေဆုံးခဲ့ကာ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က မနီလာမြို့အနီး မက်သာဖက်တမင်း စံချိန်တင် သိမ်းဆည်းရမှုနဲ့ ပတ်သက်ပြီး ထိုနေ့က ဖမ်းဆီးခံရသူတွေဟာ ၎င်းမရှိတာကြောင့် ကံကောင်းသွားခဲ့ကြတယ်လို့ ဒူတာတေးက ဆိုပါတယ်။

play
မနီလာမှာ မက်သာဖက်တမင်း မူးယစ်ဆေးဝါးများ စံချိန်တင်ပမာဏ ဖမ်းဆီးရမိစဉ်


"မနီလာမှာ ကျုပ်မရှိလို့ သူတို့ကံကောင်းသွားတယ်၊ အဲဒီအိမ်ထဲမှာ မူးယစ်ဆေးတွေ ဒီလောက်အများအပြားရှိနေတာကို ကျုပ်သာသိခဲ့ရင် ဒီလူတွေကို သတ်မှာပဲ" လို့ ဒူတာတေးက ပြောပါတယ်။

သမ္မတဒူတာတေးက လူတစ်ယောက်ကို ရဟတ်ယာဉ်ပေါ်က ပစ်ချခဲ့မှုဟာ မည်သည့်အချိန် မည်သည့်နေရာ ဖြစ်ခဲ့ကြောင်း ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒူတတေးရဲ့ ပြောခွင့်ရပုဂ္ဂိလ် အန်နက်စ်တို အဘီလာကတော့ ဒီလိုလုပ်ရပ်ဟာ အမှန်တစ်ကယ် မရှိခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ