play


သြစတြေးလျနိုင်ငံ သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းပမာဏ သိမ်းဆည်းရမိခဲ့ပြီးနောက် အမျိုးသား ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။ သိမ်းဆည်းရမိတဲ့ ကိုကင်းတွေရဲ့ ဈေးကွက်တန်ဖိုးမှာ သြစတြေးလျဒေါ်လာ သန်း ၃၆၀ (အမေရိကန်ဒေါ်လာ ၂၅၈ သန်း) ဖြစ်ပါတယ်။

သြစတြေးလျမှာ ကိုကင်းပမာဏ စံချိန်တင်အများဆုံး ဖမ်းမိ


ရဲတပ်ဖွဲ့က အဆိုပါ မူးယစ်ဆေးဝါးဂိုဏ်းကို ၂ နှစ်ကျော်ကြာ စုံးစမ်းထောက်လှမ်းခဲ့ပြီးနောက် အခုလို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဆစ်ဒနေမြို့မြောက်ပိုင်း ဘရွတ်ကလင်းရှိ စက်လှေတစ်စီးပေါ်မှ ကိုကင်းပမာဏ ပေါင်ချိန် ၁,၁၀၀ ကို ခရစ္စမတ်နေ့က သိမ်းဆည်းရမိခဲ့ပါတယ်။

play


တဟီတီကျွန်းမှာ သြစတြေးလျကို ပို့ဆောင်မယ့် ကိုကင်း ပေါင်ချိန် ၁,၃၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီးနောက် ဘရွတ်ကလင်းမှာလည်း ကိုကင်းများ ဆက်လက် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ ဘရွတ်ကလင်းမှာ သိမ်းဆည်းရမိခဲ့တဲ့ ကိုကင်းပမာဏဟာ သြစတြေးလျသမိုင်းမှာ အများဆုံးအဖြစ် စံချိန်တင်ဖြစ်ကြောင်း ဒုတိယရဲချုပ် ခရစ်ရှီးဟန်က သတင်းထောက်တွေကို ပြောပါတယ်။

play


သိမ်းဆည်းရမိခဲ့တဲ့ ကိုကင်းတွေမှာ တောင်အမေရိကမှဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ပြောပါတယ်။ သြစတြေးလျ သတင်းတွေရဲ့အဆိုအရ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူတွေအနက် ရက်ဂ်ဘီကစားသမားဟောင်းလည်း ပါဝင်ကြောင်း သိရပါတယ်။

ခရစ္စမတ်ညမှာ သင်္ဘောတစ်စီးမှ စက်လှေငယ်တစ်စီးဟာ ဘရွတ်ကလင်းဆိပ်ကမ်းကို ဆိုက်ကပ်ရောက်ရှိလာခဲ့ပြီးနောက် အဆိုပါ စက်လှေကို ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီးနောက် လူ ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အခြား ၁၂  ဦးကို ယခင် ရက်များကတည်းက ရဲတပ်ဖွဲ့က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခဲ့သူတွေဟာ အသက် ၂၉ နှစ်နဲ့ ၆၃ နှစ်အတွင်းရှိ အမျိုးသား ၁၅ ဦးဖြစ်ပြီး ၎င်းတို့ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက် ကျခံရနိုင်ကြောင်း သိရပါတယ်။

Source & Photo: CNN, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video