International News: ပါကစ္စတန်က နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ပြီး ရေငုပ်သင်္ဘောမှပစ်လွှတ်တဲ့ ဒုံးကျည် စမ်းသပ်

ဒုံးကျည်စမ်းသပ်မှုကို တည်နေရာ မဖော်ပြထားတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

play


ပါကစ္စတန်နိုင်ငံက ၎င်းရဲ့ ပထမဆုံး နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ပြီး ရေငုပ်သင်္ဘောမှပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်က စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ Babur-3 ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်သယ်ဆောင်ပြီး အကွာအဝေး မိုင် ၂၈၀ အထိ ရောက်ရှိနိုင်ကြောင်း ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

ပါကစ္စတန် ဒုံးကျည်စမ်းသပ်မှု


ဝန်ကြီးချုပ် နဝပ်ဇ်ရှရစ်ဖ်က ယခု ဒုံးကျည်စမ်းသပ်မှုဟာ ပါကစ္စတန်အနေနဲ့ နည်းပညာတိုးတက်မှုနဲ့ မိမိတို့ကိုယ်တိုင် စွမ်းဆောင်နိုင်မှုကို ပြသခဲ့ခြင်းဖြစ်ကြောင်း ချီးကျူးပြောကြားပါတယ်။ ပါကစ္စတန်က ဒုံးကျည်စမ်းသပ်မှုကို တည်နေရာ မဖော်ပြထားတဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ပါကစ္စတန်ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးတင်းမာမှုကို ပိုမိုမြင့်တက်စေမယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယတို့ဟာ ဗြိတိန်ထံမှာ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

နှစ်နိုင်ငံလုံးဟာ ဒုံးကျည်စနစ်များ အကောင်အထည်ဖော်ခဲ့ကြပြီး ၁၉၉၈ ခုနှစ်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုတွေကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူး သယ်ဆောင်ပြီး ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ကို ၂၀၀၈ ခုနှစ်မှာ စမ်းသပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာလည်း ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်တဲ့ နျူကလီးယား ပဲ့ထိန်းဒုံးကျည် ထပ်မံ စမ်းသပ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ