International News: လန်ဒန်မြောက်ပိုင်း ဗလီတစ်ခုအနီး လူအုပ်စုကို ကားဖြင့်ဝင်တိုက်မှုဖြစ်

ဗလီအနီး ပလက်ဖောင်းပေါ်ကို ရောက်လာခဲ့ပြီး လမ်းလျှောက်သွားနေတဲ့ လူအုပ်စုကို ဝင်တိုက်ခဲ့ပါတယ်။

လန်ဒန်မြောက်ပိုင်း ဗလီတစ်ခုအနီး ဗင်ကားဖြင့် လူအုပ်စုကို ဝင်တိုက်မှု


ဗြိတိန်နိုင်ငံ လန်ဒန်မြောက်ပိုင်းရှိ ဗလီတစ်ခုအနီး လမ်းလျှောက်သွားနေသူတွေကို ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြား လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဗင်ကားဟာ လန်ဒန်မြောက်ပိုင်း Finsbury Park Mosque ဗလီအနီး ပလက်ဖောင်းပေါ်ကို ရောက်လာခဲ့ပြီး လမ်းလျှောက်သွားနေတဲ့ လူအုပ်စုကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

play


ဇွန်လ ၁၉ ရက် ဒေသစံတော်ချိန် မနက် ၁၂း၂၀ ဝန်းကျင်မှာာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ဗင်ကားမောင်းနှင်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ယခုဖြစ်ရပ်ကို ဖြစ်နိုင်ခြေရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အရေးယူဆောင်ရွက်နေကြောင်း ပြောပါတယ်။

play


မျက်မြင်တွေ့ရှိခဲ့သူတွေက Sky News ကို ပြောကြားမှုအရ ဗင်ကားဟာ လူ ၁၀ ဦးထက်မနည်းကို တိုက်မိခဲ့ကြောင်း သိရပါတယ်။ လူအုပ်စုကို ကားဖြင့်ဝင်တိုက်မှု ဖြစ်ခဲ့တဲ့ Seven Sisters လမ်းကို ရဲတပ်ဖွဲ့က ပိတ်ပင်ထားခဲ့ပါတယ်။ ယခုဖြစ်ရပ်ဟာ မွတ်စလင်မ်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး ကားမောင်းသမားက မွတ်စလင်မ်အားလုံးကို သတ်မယ်လို့ အော်ဟစ်ခဲ့ကြောင်း ဗြိတိန်သတင်းတွေက ဖော်ပြပါတယ်။

play


"လူတွေ အော်ဟစ်နေတာနဲ့ ဒဏ်ရာရနေတဲ့ လူတွေကို တွေ့ခဲ့ရတယ်" လို့ ကားဖြင့်တိုက်ခဲ့တဲ့နေရာကို အစောဆုံး ရောက်ရှိလာခဲ့သူ အသက် ၄၁ နှစ်အရွယ် ဒေးဗစ်ရော်ဘင်ဆင်က ပြောပါတယ်။ ဗြိတိန် အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရီမီကိုဘင်က တနင်္လာနေ့ မနက်ပိုင်း ဖြစ်ရပ်ကို ကြားသိရပြီးနောက် ထိတ်လန့်တုန်လှုပ်မိကြောင်း ၎င်းရဲ့ Twitter မှာ ရေးသားခဲ့ပါတယ်။

play


လန်ဒန်မှာ မတ်လ ၂၂ ရက်ကလည်း ဝက်မင်စတာတံတားပေါ် ဖြတ်သန်းသွားလာနေသူတွေကို ကားဖြင့်ဝင်တိုက်ပြီး လွှတ်တော်လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ဓားဖြင့်ထိုးသတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။ မတ်လ ၂၂ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၃ ရက်ကလည်း လန်ဒန်တံတားပေါ်မှာ လမ်းလျှောက်သွားနေသူတွေကို အဖြူရောင် ဗင်ကားတစ်စီးဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ကားပေါ်မှာလိုက်ပါလာတဲ့ အကြမ်းဖက်သမား ၃ ဦးက တံတားအနီးရှိ ဘိုရပ်ဂ်ဈေး (Borough Market) မှာ လူတွေကို ဓားဖြင့်ထိုး တိုက်ခိုက်ခဲ့ပါတယ်။ ဇွန်လ ၃ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမား ၃ ဦးကို ရဲတပ်ဖွဲ့က အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ