AD
AD
AD

၂၀၁၁ ခုနှစ်က ကိုင်ရိုမှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအဓိကရုဏ်း


အီဂျစ်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ၄၃ ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း တရားရေးဌာန သတင်းရင်မြစ်တွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား ထိပ်တိုက်တွေ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြန်လည်ကြားနာစစ်ဆေးခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၂၅ ရက်) မှာ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်မှာ မွတ်စလင်မ်ညီအစ်ကိုတော်များအဖွဲ့မှ သမ္မတမော်စီကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လူအများအပြားကို ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိကြောင်းလည်း သိရပါတယ်။ သမ္မတမော်စီကို အီဂျစ်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းကာ ၎င်းကိုဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

play
၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် အီဂျစ် ဆန္ဒပြပွဲအဓိကရုဏ်း မြင်ကွင်းတစ်ခု


အီဂျစ်အာဏာပိုင်တွေက လူအများအပြားကို ရုံတင်စစ်ဆေး ပြစ်ဒဏ်ချမှတ်မှုအပေါ် ပြည်တွင်းနဲ့နိုင်ငံတကာမှ လူ့အခွင့်အရေးအုပ်စုတွေက အကြိမ်ကြိမ် ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ယနေ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရသူ ၄၃ ဦးဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း ကိုင်ရိုမြို့မှာ ရဲတပ်ဖွဲ့၊ စစ်တပ်တို့နဲ့ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဆူပူအုံကြွမှု၊ အများပြည်သူဆိုင်ရာ အဆောက်အအုံနဲ့ ပစ္စည်းများကို ဖျက်ဆီးမှုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း သိရပါတယ်။ ထိုစဉ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး ၂,၀၀၀ နီးပါးအထိ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

play
၂၀၁၁ ခုနှစ် အီဂျစ်ဆန္ဒပြပွဲ


ဒါ့အပြင် ပြစ်ဒဏ်ချမှတ်ခံရသူတွေကို ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုကြောင့် ဒဏ်ကြေးငွေ အီဂျစ်ပေါင်ငွေ ၁၇ သန်း ပေးဆောင်စေခဲ့ကြောင်းလည်း သိရပါတယ်။ တရားရုံးက ယနေ့ ပြစ်ဒဏ်ချမှတ်ရာမှာ အခြား ဆန္ဒပြသူ ၉ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီနဲ့ တစ်ဦးကို ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ၉၂ ဦးကို တရားသေလွှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အထက်တရားရုံးမှာ ၎င်းတို့ရဲ့ပြစ်ဒဏ်ကို အယူခံဝင်နိုင်မှာ ဖြစ်ပါတယ်။ အီဂျစ်မှာ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ဟာ ၂၅ နှစ် ကြာမြင့်ကြောင်း သိရပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD