အိန္ဒိယနိုင်ငံမှ ရေကြီးမှု

 

အိန္ဒိယနိုင်ငံမှာ ရေကြီးမှုအတွင်း သေဆုံးခဲ့သူ ၂၅ ဦးရဲ့ ရုပ်အလောင်းတွေကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၆ ရက်) က ရွှံ့နွံများအတွင်းမှာ တွေ့ရှိခဲ့ရကြောင်းနဲ့ ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၁၉ ဦးအထိ ရှိလာကြောင်း တာဝန်ရှိသူတွေက အတည်ပြု ထုတ်ပြန်ပါတယ်။ ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ ဂူဂျာရတ်ပြည်နယ် ဘန်နက်စ်ကန်သာခရိုင်အတွင်းရှိ ကျေးရွာ ၂​ ရွာမှာ ရေကျသွားပြီးနောက် ရုပ်အလောင်းတွေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

play


အဆိုပါ ကျေးရွာတွေဟာ ဘန်နက်စ်မြစ်ကမ်းပါးမှာ တည်ရှိပြီး သေဆုံးသူတွေအနက် ၁၇ ဦးဟာ မိသားစုတစ်ခုတည်းမှ ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုအတွင်း ဘန်နက်စ်ကန်သာခရိုင်ရှိ ကျေးရွာများမှ ရွာသူရွာသား ၂,၆၅၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂူဂျာရတ်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play


ဂူဂျာရတ်ပြည်နယ်မှာ မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုဖြစ်ပွားရာဒေသများမှ ဒေသခံ ၃၆,၀၀၀ ကျော်ကို ရေဘေးကင်းလွတ်ရာသို့ ရဟတ်ယာဉ်များနဲ့ စက်လှေများဖြင့် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရေကြီးဖြစ်ပွားရာ ဂူဂျာရတ်ပြည်နယ်တစ်လျှောက် ရဟတ်ယာဉ်ဖြင့် လိုက်လံကြည့်ရှုခဲ့ပါတယ်။

play
ရေကြီးမှုဖြစ်နေတဲ့ ဂူဂျာရတ်ပြည်နယ်ကို အိန္ဒိယဝန်ကြီးချုပ် လိုက်လံကြည့်ရှုစဉ်


ဂူဂျာပြည်နယ်ဟာ ဝန်ကြီးချုပ်မိုဒီရဲ့ ဇာတိဒေသလည်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ဂူဂျာရတ်ပြည်နယ်အပြင် အရှေ့မြောက်ပိုင်းရှိ အာရူနာချေးလ် ပရာဒက်ရှ်နဲ့ အာဆမ်ပြည်နယ်တွေမှာလည်း မုတ်သုံမိုးကြောင့် ရေကြီးမှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအရှေ့ပိုင်း ပြည်နယ်တွေဖြစ်တဲ့ အောဒစ်ရှနဲ့ ဘီဟာတို့မှာလည်း ရေကြီးမှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video