play
ဖိလစ်ပိုင်သမ္မတ ဒူတာတေး


ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနဲ့ ဆက်နွယ်နေကြောင်း သမ္မတဒူတာတေးက စွပ်စွဲထားတဲ့ မြို့အုပ်ချုပ်ချုပ်ရေးမှူးတစ်ဦး ရဲတပ်ဖွဲ့စီးနင်းမှုအတွင်း ပစ်သတ်ခံခဲ့ရပါတယ်။ မင်ဒါနာအိုကျွန်းရှိ အိုဇာမစ်ဇ်မြို့ အုပ်ချုပ်ရေးမှူး ရေးနယ်လ်ဒို ပါရာဂျင်နော့ဂ်၊ ၎င်းရဲ့ဇနီးနဲ့ အခြား လူ ၁၀ ဦးကို ရဲတပ်ဖွဲ့က တရားရုံးမှ ဖမ်းဝရမ်းဖြင့် နေအိမ်ကို ဝင်ရောက်စီးနင်းမှုအတွင်း အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မြို့အုပ်ချုပ်ရေးမှူးရဲ့ လက်နက်ကိုင် အစောင့်တွေက ရဲတပ်ဖွဲ့အရာရှိတွေကို စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်မှာ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းစတင်ခဲ့တဲ့ သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့အတူ မြို့အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ရာ ၎င်းရဲ့လက်နက်ကိုင်အစောင့်တွေက ရဲတပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောထားပါတယ်။

play
အိုဇာမစ်ဇ်မြို့ အုပ်ချုပ်ရေးမှူး ပါရာဂျင်နော့ဂ်နှင့် သမီးဖြစ်သူ လက်ထောက် အုပ်ချုပ်ရေးမှူး


"ပါရာဂျင်နော့ဂ်ဟာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ကြောင်း သမ္မတဒူတာတေးရဲ့ လူပုဂ္ဂိုလ်စာရင်းမှာ ပါဝင်နေပါတယ်" လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အန်နက်စ်တို အဘက်လာက ထုတ်ပြန်ပြောကြားပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပစ်သတ်ခံခဲ့ရတဲ့ မြို့အုပ်ချုပ်ရေးမှူး ပါရာဂျင်နော့ဂ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အပြန်အလှန် ပစ်ခတ်မှု မရှိခဲ့ကြောင်းနဲ့ မြို့အုပ်ချုပ်ရေးမှူးနေအိမ်ကနေ ပစ်ခတ်ခဲ့ခြင်း မဟုတ်ကြောင်း တုံ့ပြန်ပြောခဲ့ပါတယ်။ အိုဇာမစ်ဇ်မြို့မှာ အာရုဏ်တက်အချိန် စီးနင်းမှုအတွင်း မြို့အုပ်ချုပ်ရေးမှူးနဲ့ ညီအစ်ကိုတော်စပ်သူလည်း သေဆုံးခဲ့ပါတယ်။

play
အကျဉ်းထောင်မှာ ပစ်သတ်ခံရသည့် အယ်လ်ဘူးရာ မြို့အုပ်ချုပ်ရေးမှူး ရိုလန်ဒို အက်စ်ပင်နိုဆာ


မြို့အုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ လက်ထောက် မြို့အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးမှုဖြင့် စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အိုဇာမစ်ဇ်မြို့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်အတွင်း ရိုင်ဖယ်သေနတ်များ၊ ငွေများ၊ မူးယစ်ဆေးဝါးများ ရှာဖွေသိမ်းဆည်ရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ဂျေဆန်ဒီဂုဇ်မန်းက ပြောပါတယ်။

အိုဇာမစ်ဇ်မြို့ အုပ်ချုပ်ရေးမှူး ပါရာဂျင်နော့ဂ်ဟာ သမ္မတဒူတာတေးရဲ့ မူးယစ်စစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ တတိယမြောက် မြို့အုပ်ချုပ်ရေးမှူးလည်း ဖြစ်လာကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video