အဘွားအို ကင်မ်လန်ရဲ့ သားသမီး ၅ ဦးအနက် ၄ ဦးဟာ မဟာဘွဲ့ရယူထားနိုင်သူတွေ ဖြစ်ပါတယ်။



ထိုင်းနိုင်ငံမှ အဘွားအိုတစ်ဦးဟာ 'ပညာလို အိုသည်မရှိ' ဆိုတဲ့ မြန်မာစကားပုံအတိုင်း လက်တွေ့ကျင့်ကြံပြီး အောင်မြင်မှုရခဲ့သူ ဖြစ်ပါတယ်။ ကင်မ်လန် ဂျင်နာကူလ် အမည်ရှိ အသက် ၉၁ နှစ်အရွယ် ထိုင်းအဘွားအိုဟာ သြဂုတ်လ ၉ ရက်နေ့မှာ ဘန်ကောက်မြို့အနီးရှိ Sukhothai Thammathirat Open University (STOU) တက္ကသိုလ်မှ Human Ecology ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။

အဘွားအို ကင်မ်လန်ဟာ ယခုဘွဲ့ကို လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ဘဲ ၁၀ နှစ်ကျော်ကြာ ကြိုးပမ်းအားထုတ် သင်ယူခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ ငယ်ရွယ်စဉ်အချိန်မှာ တက္ကသိုလ်တက်ချင်ခဲ့ပေမဲ့ အခွင့်အရေး မရခဲ့ဘူးလို့ ဆိုပါတယ်။



အသက်အရွယ်ကြီးလာစဉ်မှာ သူမရဲ့ သားသမီးတွေ၊ မြေးတွေက တက္ကသိုလ်တွေကနေ ဘွဲ့တွေ ရခဲ့ကြပြီးနောက်မှာ အဘွားအို ကင်မ်လန်လည်း တက္ကသိုလ်ပြန်တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တက္ကသိုလ်ပြန်တက်ကာ ၁၀ နှစ်ကျော်ကြာ ကြိုးပမ်းအားထုတ် သင်ယူခဲ့ပြီးနောက်မှာတော့ သူမရဲ့ အသက် ၉၁ နှစ်အရွယ်မှာ အဘွားအို ကင်မ်လန်တစ်ယောက် ဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။

အဘွားအို ကင်မ်လန်ဟာ သူမရဲ့ အသက် ၇၂ နှစ်အရွယ် ၁၉၉၈ ခုနှစ်မှာ တက္ကသိုလ်ကျောင်း စတက်ခဲ့ပေမဲ့ သူမရဲ့သမီးဖြစ်သူ ကွယ်လွန်ခဲ့မှုကြောင့် နှစ်အနည်းငယ်ကြာ တက္ကသိုလ်မှ နားခဲ့ရပါတယ်။ ထို့နောက် အသက် ၈၅ နှစ်အရွယ်မှာ Human Ecology ဘာသာရပ်ဖြင့် ဘွဲ့ရယူရန် တက္ကသိုလ်ပြန်တက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်းက ဘွဲ့လက်မှတ် ပေးအပ်စဉ်



တက္ကသိုလ်ပညာသင်ယူစဉ် ကာလတစ်လျှောက် ကင်မ်လန်ရဲ့ နေ့စဉ်လုပ်ငန်းတွေကတော့ မနက်စောစောထပြီး ဘုန်းတော်ကြီးတွေကို ဆွမ်းလောင်းလှူခြင်း၊ အိမ်အနီးရှိ ဘုရားသို့ သွားရောက်ဝတ်ပြုခြင်းနဲ့ သင်ခန်းစာများ ကျက်မှတ်လေ့လာခြင်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။

"ပညာသင်ဖို့ ဘယ်တော့မှ နောက်မကျပါဘူး၊ ကျွန်မရဲ့ စိတ်က လေ့လာသင်ယူဖို့ အမြဲ နိုးကြားထက်မြက်နေပါတယ်" လို့ အဘွားအို ကင်မ်လန်က ပြောပါတယ်။

အဘွားအို ကင်မ်လန်ဟာ မူလက ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်းဒေသမှ ဖြစ်ပါတယ်။ သူမဟာ ငယ်စဉ်ကလည်း စာတော်သူဖြစ်ပြီး လမ်ပန်းဒေသမှ အကောင်းဆုံး ကျောင်းတစ်ကျောင်းမှာ တက်ရောက်ပညာသင်ယူခဲ့ပါတယ်။ သို့သော် တက္ကသိုလ်တက်ရောက်ရန် ထိုစဉ်က အခွင့်မသာခဲ့ပါဘူး။



ကင်မ်လန်ဟာ မိသားစုနဲ့အတူ ဘန်ကောက်မြို့ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အိမ်ထောင်ကျသွားခဲ့ကာ သူမရဲ့ ပညာသင်ယူလိုတဲ့ အိပ်မက်ဟာလည်း တစ်ခန်းရပ်ခဲ့ပါတယ်။ ကင်မ်လန်က သူမရဲ့ သားသမီးတွေကိုတော့ ပညာသင်ယူနိုင်ရန် အစွမ်းကုန် ဖြည့်ဆည်းပေးခဲ့ပြီး တက္ကသိုလ်ဘွဲ့ရ ပညာတတ်တွေဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

အဘွားအို ကင်မ်လန်ရဲ့ သားသမီး ၅ ဦးအနက် ၄ ဦးဟာ မဟာဘွဲ့ရယူထားနိုင်သူတွေဖြစ်ပြီး တစ်ဦးမှာမူ အမေရိကန်နိုင်ငံမှာပင် PhD ဘွဲ့ သွားရောက်ရယူနိုင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးမှ တက္ကသိုလ်ပြန်တက်ခဲ့တဲ့ အဘွားအို ကင်မ်လန်ကို တက္ကသိုလ်ကလည်း အထူးအခွင့်အရေးပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။



အဘွားအို ကင်မ်လန်ဟာ တက္ကသိုလ်တက်စဉ် ကျရှုံးတဲ့ ဘာသာရပ်တွေကို အောင်မြင်သည်အထိ ဇွဲကောင်းကောင်းနဲ့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ "အောင်တဲ့အခါ ပျော်တာပေါ့၊ ကျရင်တော့ ဝမ်းနည်းတာပဲ၊ ဒါကြောင့် မအောင်မချင်း ပြန်ဖြေတာပဲ" လို့ ကင်မ်လန်က ရယ်မောပြီး ပြောခဲ့ပါတယ်။

"ကမ္ဘာကြီးက ဘယ်တော့မှ ရပ်မနေဘူးလေ၊ ကျွန်မတို့အတွက် ဖြေရှင်းရမယ့် ပြဿနာတွေက အမြဲ ရှိနေမှာပဲ၊ တစ်ကယ်လို့သာ ပညာရပ်အသစ်တွေ ပေါ်ထွန်းမလာဘူးဆိုရင် ကမ္ဘာကြီးဟာလည်း ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်သွားမှာပဲ" လို့ ကင်မ်လန်က သုံးသပ်ခဲ့ပါတယ်။

Source & Photo: The Nation, BBC

Share

Loading Next Article...
က္က