AD
AD
AD

အီရတ်တပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ တဲလ်အဖာမြို့


အီရတ်တပ်ဖွဲ့တွေက တဲလ်အဖာမြို့ကို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ထံမှ အပြည့်အဝ ပြန်လည် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ်က သြဂုတ် ၃၁ ရက်မှာ ကြေညာပါတယ်။

အီရတ်တပ်ဖွဲ့တွေက တဲလ်အဖာ မြောက်ဘက် ၁၀ မိုင်အကွာရှိ အယာဒီယာမြို့ငယ်ကို သိမ်းပိုက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘက်ဒီက တဲလ်အဖာမြို့မှာ အိုင်အက်စ်တို့ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play


တဲလ်အဖာကို ပြန်လည်သိမ်းပိုက်ခြင်းဟာ မြောက်ပိုင်းတစ်ခုလုံးနီးပါးကို အီရတ်က ပြန်လည် ထိန်းချုပ်နိုင်ခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် အယ်လ်အဘက်ဒီက ဆိုပါတယ်။

တဲလ်အဖာမြို့ဟာ အိုင်အက်စ်တို့ ထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းနဲ့ အီရတ်မြောက်ပိုင်း မြို့များအကြား အဓိက လမ်းမပေါ်မှာ တည်ရှိနေပြီး မဟာဗျူဟာအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။


တဲလ်အဖာမြို့ကို ပြန်လည် သိမ်းပိုက်ရန် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုးစစ်ဆင်ခဲ့ရာမှာ အီရတ်တပ်ဖွဲ့ဝင် ၅၀,၀၀၀ အထိ ပါဝင်ခဲ့ကြောင်းနဲ့ အိုက်အက်စ်တိုက်ခိုက်ရေးသမား ၂,၀၀၀ က ပြန်လည်ခုံခံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အယာဒီယာမြို့ငယ်ကို သိမ်းပိုက်တဲ့ စစ်ဆင်ရေးအတွင်း သေဆုံးသူအရေအတွကို ရှင်းလင်းစွာ မသိရဘူးလို့ သတင်းတွေက ပြောပါတယ်။

play


တဲလ်အဖာမြို့ ပတ်ဝန်းကျင်ဒေသမှာ အိုင်အက်စ်အဖွဲ့ဝင်တွေရဲ့ မိသားစုတွေဖြစ်တဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ၎င်းတို့ကိုယ်တိုင် ကာဒစ်တိုက်ခိုက်ရေးသမားများ (Kurdish Peshmerga) ထံ လာရောက်အပ်နှံတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အီရတ်တပ်ဖွဲ့တွေက တဲလ်အဖာမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ယခုအခါ နိုင်ငံမြောက်ပိုင်းရှိ အိုင်အက်စ်တို့ သိမ်းပိုက်ထားတဲ့ နောက်ဆုံးလက်ကျန် အဓိကမြို့ကြီး ဟာဝီဂျာကို ပြန်လည် သိမ်းပိုက်ရန် အရှိန်မြှင့်တင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

play

 
အီရတ်တပ်ဖွဲ့က တဲလ်အဖာကို ပြန်လည်သိမ်းပိုက်တဲ့ စစ်ဆင်ရေးမှာ ဗြိတိန်က လေကြောင်းတိုက်ခိုက်မှုများဖြင့် အကူအညီပေးခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိန်လေတပ်ရဲ့ RAF Tornado နဲ့ Typhoon တိုက်လေယာဉ်တွေက အိုင်အက်စ်တို့ရဲ့ စနိုက်ပါ၊ စက်သေနတ်နဲ့ မော်တော်ပစ်ခတ်တဲ့ အဖွဲ့တွေကို ချေမှုန်းခဲ့ကြောင်း သိရပါတယ်။

play


တဲလ်အဖာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းက လွန်ခဲ့တဲ့ ၁၈ လ အခြေအနေကို ပြောင်းလဲသွားစေခဲ့တာလည်း ဖြစ်ပါတယ်။ ထိုစဉ်က အီရတ် ဒုတိယမြို့တော် မိုဆူးလ်အပါအဝင် နယ်မြေအများအပြားကို အိုင်အက်စ်တို့က ထိန်းချုပ်ထားခဲ့ပါတယ်။

တဲလ်အဖာမြို့ကို ပြန်လည် သိမ်းပိုက်ပြီးနောက် အိုင်အက်စ်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေများအဖြစ် ဟာဝီဂျာမြို့နဲ့ ပတ်ဝန်းကျင်၊ ကာအမ်၊ ရာဝါနဲ့ အန်နာ မြို့ငယ်များ အနီးတဝိုက်ရှိ သဲကန္တာရနေရာတို့သာ ကျန်ရှိတော့ကြောင်း သိရပတယ်။
Source & Photo: Sky News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD