မွမ်ဘိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဆောက်အအုံ ပြိုကျမှု


အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဆောက်အအုံ ပြိုကျမှု အပျက်အစီးများကြားမှ နောက်ထပ် ရုပ်အလောင်းများ ယနေ့ (စက်တင်ဘာ ၁ ရက်) တွေ့ရှိခဲ့ကြောင်းနဲ့ သေဆုံးသူအရေအတွက် ၃၃ ဦးအထိ မြင့်တက်လာကြောင်း သိရပါတယ်။

မွမ်ဘိုင်းမှာ မုတ်သုန်မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် Bhendi Bazaar ရှိ လူနေအဆောက်အအုံ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ အဆောက်အအုံ ပြိုကျခဲ့မှုအတွင်း သေဆုံးခဲ့သူတွေအနက် ရက် ၂၀ အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

play


မွမ်ဘိုင်းအာဏာပိုင်တွေက အဆောက်အအုံပြိုကျမှုမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုတွေကို ယနေ့မှာ ရပ်ဆိုင်းလိုက်ပြီး ထိခိုက်သေဆုံးသူ အားလုံးကို စာရင်းပြုစုနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ပြိုကျခဲ့တဲ့ အဆောက်အအုံနဲ့ကပ်လျက် နေရာမှာ နှစ် ၃၀ ကြာ နေထိုင်ခဲ့သူ အမျိုးသမီးတစ်ဦးက သူမ မနက်စာအတွက် ချက်ပြုတ်ပြင်ဆင်နေစဉ် ကျယ်လောင်တဲ့ မိုးချုန်းသံကဲ့သို့ အသံကို ကြားခဲ့ရကြောင်း ပြောပါတယ်။


သူမရဲ့ နေအိမ်ဝရန်တာကနေ ထွက်ကြည့်ရာမှာ ကြီးမားတဲ့ ဖုန်လုံးကြီးကို မြင်တွေ့ခဲ့ရပြီး အဆောက်အအုံဟာ ကတ်ပြားတွေနဲ့ ဆောက်ထားတဲ့ ကစားစရာအိမ်တစ်လုံး ပြိုကျသွားသကဲ့သို့ဖြစ်ကြောင်း သူမရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

အဆောက်အအုံဟာ ဒေသစံတော်ချိန် မနက် ၈း၄၀ ဝန်းကျင်မှာ ပြိုကျခဲ့တယ်လို့ ဆိုပါတယ်။ ယခု ဖြစ်ရပ်ဟာ မွမ်ဘိုင်းမှာ တစ်လမပြည့်မီအတွင်း တတိယမြောက် အဆောက်အအုံ ပြိုကျမှုလည်း ဖြစ်ပါတယ်။

play


မွမ်ဘိုင်းမြို့မှာ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးစနစ်တွေ ကသောင်းကနင်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယမှာ အဆောက်အအုံ ပြိုကျမှုတွေ မကြာခဏ ဖြစ်တတ်ပြီး အထူးသဖြင့် မုတ်သုန်ရာသီမှာ ဖြစ်လေ့ရှိပါတယ်။

တည်ဆောက်မှု အရည်အသွေး ညံ့ဖျင်းမှုနဲ့ အဆောက်အအုံများ ယိုယွင်းပျက်စီးလာမှုတို့ကြောင့် ပြိုကျမှုတွေ ဖြစ်စေကြောင်း သုံးသပ်ကြပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်း အဆောက်အအုံ ပြိုကျမှုတွေကြောင့် နှစ်စဉ် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးကြောင်း သိရပါတယ်။
Source & Photo: CNN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video