ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုင်ဖွန်းမုန်တိုင်း ၂ ခု ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဟောင်ကောင်မှာ နောက်ထပ် မုန်တိုင်းတစ်ခု တိုက်ခတ်မယ်လို့ သိရပါတယ်။

play
တိုင်ဖွန်း Mawar ဖြတ်သန်းတိုက်ခတ်မှု လမ်းကြောင်းပြမြေပုံ


တိုင်ဖွန်း Mawar ဟာ ဟောင်ကောင်ကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၃ ရက်) မှာ ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းတိုက်ခတ်မယ့် ရာသီဥတုအခြေအနေကြောင့် Cathay Pacific လေကြောင်းလိုင်းက တနင်္ဂနွေနေ့ (စက်တင်ဘာ ၃ ရက်) နဲ့ တနင်္လာနေ့ (စက်တင်ဘာ ၄ ရက်) တို့မှာ ဟောင်ကောင်ကိုဆိုက်ရောက်မယ့် ခရီးစဉ်နဲ့ ဟောင်ကောင်မှထွက်ခွာမယ့် ခရီးစဉ် ၂၀ ကို ဖျက်သိမ်းထားကြောင်း သိရပါတယ်။


ထို့အတူ တိုင်ပေ၊ Kaohsiung, Xiamen, ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ ဘန်ကောက်မြို့များသို့ အသွားအပြန် လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားပါတယ်။

Singapore Airlines (SIA) နဲ့ Scoot တို့ကတော့ ဟောင်ကောင်သို့ အသွားအပြန် လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းထားခြင်းမရှိဘူးလို့ ဆိုပါတယ်။ အဆိုပါ လေကြောင်းလိုင်း ၂ ခုက ဟောင်ကောင် လေကြောင်းခရီးစဉ်တွေကို ပုံမှန်အတိုင်း ပျံသန်းနေပြီး မုန်တိုင်းအခြေအနေကို အနီးကပ် စောင့်ကြည်နေကြောင်း ပြောပါတယ်။

play
ဟောင်ကောင်မှာ တိုင်ဖွန်းဟတ်တို တိုက်ခတ်ခဲ့စဉ်


တိုင်ဖွန်းမုန်တိုင်း Mawar ဟာ ဂွမ်ဒေါင်းပြည်နယ် ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းကို စက်တင်ဘာ ၃ ရက်မှာ ဝင်ရောက်မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ဟောင်ကောင်နဲ့ အနီးဆုံးကိုရောက်ရှိ တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ယနေ့ (စက်တင်ဘာ ၂ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းအချိန် တိုင်းတာချက်အရ တိုင်းဖွန်း Mawar ဟာ ဟောင်ကောင်ကမ်းရိုးတန်းမှ ၁၉၈ မိုင်ကျော်အကွာမှာ တိုက်ခတ်နေကြောင်း သိရပါတယ်။ တိုင်းဖွန်း Mawar ဟာ ဟောင်ကောင်ကို သီတင်းနှစ်ပတ်အတွင်း တတိယမြောက် ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းလည်း ဖြစ်ပါတယ်။

သြဂုတ် ၂၃ ရက်က အားအပြင်းဆုံး မုန်တိုင်းတစ်ခုဖြစ်တဲ့ တိုင်ဖွန်းဟတ်တို ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ရေကြီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ကာ လေကြောင်းခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။

Postby


တိုင်ဖွန်းဟတ်တိုဟာ မကာအိုမှာလည်း တိုက်ခတ်ခဲ့ပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ထို့အပြင် တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ကိုလည်း ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

တိုင်ဖွန်းဟတ်တို တိုက်ခတ်ပြီးနောက် ၄ ရက်အကြာမှာ အပူပိုင်းမုန်တိုင်း Pakhar က ဟောင်ကောင်နဲ့ မကာအိုမှာ ထပ်မံ တိုက်ခတ်ခဲ့ရာ လေကြောင်းခရီးစဉ် ၃၀၀ ကို ဖျက်သိမ်းခဲ့ရပါတယ်။ နှစ်စဉ် ဇူလိုင်နဲ့ အောက်တိုဘာလအတွင်း ဟောင်ကောင်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ တိုင်ဖွန်းမုန်တိုင်းများ တိုက်ခတ်လေ့ရှိပါတယ်။

ဟောင်ကောင်မှာ သမိုင်းတစ်လျှောက် အားအပြင်းထန်ဆုံး မုန်တိုင်းအဖြစ် ၁၉၆၂ ခုနှစ်က တိုင်ဖွန်းဝမ်ဒါ (Wanda) တိုက်ခတ်ခဲ့ရာ လူ ၁၃၀ သေဆုံးပြီး လူဦးရေ ၇၂,၀၀၀ အိုးအိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: CNA, WUD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video