AD
AD
AD
play
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုကြောင့် ငလျင်လှုပ်ခတ်ခဲ့သည့် နေရာပြမြေပုံ


မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးကို အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၃ ရက်) ပြောပါတယ်။ ယနေ့ စမ်းသပ်ခဲံတဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ ၎င်းတို့ အသစ်ထုတ်လုပ်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်မှာ တပ်ဆပ်နိုင်ကြောင်းလည်း သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ ညွှန်ကြားချက်အရ ပြုလုပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုဟာ အလုံးစုံ အောင်မြင်ခဲ့ကြောင်းနဲ့ နိုင်ငံရဲ့ နျူကလီးယားအစီအစဉ် အထမြောက်ပြည့်စုံရန်အတွက် အရေးပါတဲ့ ခြေလှမ်းပင်ဖြစ်ကြောင်း အစိုးရ ရုပ်မြင်သကြားသတင်းက ပြောပါတယ်။

play
ဟိုက်ဒရိုဂျင်ဗုံးကို ကြည့်ရှုစစ်ဆေးနေသည့် ကင်မ်ဂျုံအန်


မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်စခန်းအနီး ပြင်းထန်တဲ့ မြေငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ဟိုက်ဒရိုဂျင်ဗုံး အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ယခု စမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလည်း ဖြစ်လာပါတယ်။


မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်စခန်းအနီးမှာ ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာရေးဝက်ဘ်ဆိုက် U.S. Geological Survey က ဖော်ပြထားပါတယ်။

ယခုစမ်းသပ်မှုပြီးနောက် တိုက်ချင်းပစ်ဒုံးကျည် (Intercontinental Ballistic Missile - ICBM) မှာ ဟိုက်ဒရိုဂျင်ဗုံး တပ်ဆင်နိုင်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက ယခုတစ်ကြိမ် နျူကလီးယားစမ်းသပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်လှုပ်ခတ်မှုဟာ ယခင်စမ်းသပ်ခဲ့တဲ့ ၅ ကြိမ်ကထက် ပိုမိုပြင်းထန်ခဲ့ကြောင်းလည်း သိရပါတယ်။ ယနေ့ အောင်မြင်စွာ စမ်းသပ်ခဲ့တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ အဏုမြူဗုံးထက် အဆပေါင်းများစွာ ပိုမိုအားပြင်းကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။

play
စစ်ရေးပြအခမ်းအနားမှာ မြင်တွေ့ရသည့် မြောက်ကိုရီးယားဒုံးကျည်များ


မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ခဲ့မှုကို ဂျပန်နိုင်ငံက ကန့်ကွက်ရှုတ်ချလိုက်ပြီး တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက နိုင်ငံရဲ့လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှုကို နျူကလီးယားစမ်းသပ်စခန်း တည်ရှိရာ ကီလ်ဂျူဒေသမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တာဝေးပစ်ဒုံးကျည်မှာ တပ်ဆင်နိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ကြောင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ကြည့်ရှုစစ်ဆေးနေပုံကို နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပြီး နာရီအတန်ကြာမှာ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားက မကြာသေးမီ သြဂုတ် ၂၉ ရက်ကလည်း Hwasong-12 တာလတ်ပစ်ဒုံးကျည်ကို ဂျပန်နိုင်ငံပေါ်မှ ဖြတ်ကျော်ပစ်လွှတ်ခဲ့ရာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုနဲ့ ငလျင်လှုပ်ခတ်မှုများ

  • ပထမအကြိမ် - အောက်တိုဘာ၊ ၂၀၀၆ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၃ အဆင့်ရှိ ငလျင်လှုပ်)
  • ဒုတိယအကြိမ် - မေလ၊ ၂၀၀၉ ခုနှစ် (ရစ်ခ်ျတာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်)
  • တတိယအကြိမ် - ဖေဖေါ်ဝါရီလ၊ ၂၀၁၃ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
  • စတုတ္တအကြိမ် - ဇန်နဝါရီလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်လှုပ်)
  • ပဉ္စမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ် (ရစ်ခ်ျတာစကေး ၅.၃ အဆင့်ရှိ ငလျင်လှုပ်)
  • ဆဌမအကြိမ် - စက်တင်ဘာလ၊ ၂၀၁၇ ခုနှစ် (ရစ်ခ်ျတာစကေး ၆.၃ အဆင့်ရှိ ငလျင်လှုပ်)

ငလျင်လှုပ်ခတ်မှု ပြင်းထန်အားများအရ မြောက်ကိုရီးယားက ပြုလုပ်ခဲ့တဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုများအနက် ယခုနောက်ဆုံး ဟိုက်ဒရိုဂျင်ဗုံးဟာ အားအလွန်ပြင်းထန်ကြောင်း သိရှိနိုင်တယ်လို့ ဆိုပါတယ်။

တရုတ်သတင်းတွေနဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားမှုတွေအရ မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကြောင့် ငလျင်လှုပ်ခတ်မှုကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နေရာအများအပြားမှာ ခံစားသိရှိခဲ့ပြီး အချို့ မြို့တွေမှာ ၈ စက္ကန့်မျှကြာတဲ့အထိ လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD