AD
AD
AD
play
ကွာလာလမ်ပူမြို့ မြင်ကွင်း


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အဘူဆေယက်ဖ် အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့ ခေါင်းဆောင်တစ်ဦးနဲ့ အဖွဲ့ဝင် ၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။ မလေးရှားရဲတပ်ဖွဲ့က ဟက်ဂျာအဗ္ဗဒူလ်မူဘင် (အခြားအမည် အဘူအက်စ်ရီ) ကို ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၀ ရက်) စီးနင်းမှုအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။


ဖိလစ်ပိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ဟက်ဂျာနဲ့အတူ အခြား ဖိလစ်ပိုင်တစ်ဦးနဲ့ ဘော်နီယိုပြည်ယန် ဆာဘားမှ မလေးရှား ၆ ဦးတို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဘူဆေယက်ဖ် ခေါင်းဆောင်တစ်ဦးနဲ့ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေတဲ့ The Star နေ့စဉ်ထုတ်သတင်းစာမှာ ပထမဆုံး ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

play
အဘူဆေယက်ဖ် စစ်သွေးကြွများ


မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ အသက် ၂၅ နှစ်အရွယ် အဗ္ဗဒူလ်မူဘင်ဟာ ဂျိုဟိုမှာအခြေစိုက်ပြီး ပြန်ပေးဆွဲငွေတောင်းမှုတွေ လုပ်ဆောင်နေကာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အဘူဆေယက်ဖ်အစွန်းရောက်အုပ်စုနဲ့ ချိတ်ဆက်ထားတဲ့ Lucky 9 အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခဲ့တဲ့ မလေးရှားလူမျိုးများမှာ စန်ဒါခန်မြို့မှဖြစ်ပြီး ကွာလာလမ်ပူမှာ အလုပ်လုပ်ကိုင်နေကြကြောင်း The Star က ပြောပါတယ်။ အဆိုပါ မလေးရှားလူမျိုးတွေဟာ လုံခြုံရေးဝန်ထမ်းနဲ့ လုပ်အားပေးအဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့လည်း သတင်းစာက ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဘက်စီလန်ကျွန်းမှာ နေထိုင်ခဲ့တဲ့ အဗ္ဗဒူလ်မူဘင်ဟာ မလေးရှားလူမျိုး အိုင်အက်စ် အစွန်းရောက်တွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ မလေးရှားနိုငံအတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။

play


ဖိလစ်ပိုင်တောင်ပိုင်းမှာ အခြေစိုက်ထားတဲ့ အဘူဆေယက်ဖ်အုပ်စုဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေပြီး ဗုံးထောင်ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ ပြန်ပေးဆွဲငွေးတောင်းခြင်းတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပါတယ်။

မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ မလေးရှားနိုင်ငံမှာ အစွန်းရောက်တွေကို ရှာဖွေဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ၂-၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ကြောင်း သံသယရှိသူ ၂၅၀ ကျော်ကို ဖမ်းဆီးထားခဲ့ပါတယ်။

လက်ရှိအချိန်မှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသရှိ ၎င်းတို့ထိန်းချုပ်နယ်မြေများကို ပြန်လည်ဆုံးရှုံးနေရာ အိုင်အက်စ်နဲ့ သွားရောက်ပူးပေါင်းခဲ့သူတွေက မိမိတို့ သက်ဆိုင်ရာနိုင်ငံများထံ ပြန်ဝင်လာပြီး အိုင်အက်စ်နယ်မြေချဲ့ထွင်လာနိုင်မှုအပေါ် အရှေ့တောင်အာရှနိုင်ငံ အစိုးရများကြား စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

လတ်တလောမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို သစ္စာခံထားတဲ့ စစ်သွေးကြွအုပ်စုက ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ကို ပြီးခဲ့တဲ့ မေလအတွင်း ဝင်ရောက်စီးနင်းမှု ဖြစ်ခဲ့ပါတယ်။ မာရာဝီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွအုပ်စုနဲ့ ရက် ၁၀၀ ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သွေးကြွ တိုက်ခိုက်ရေးသမား ၆၂၀ ဦး၊ ဖိလစ်ပိုင်စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃၆ ဦး၊ အရပ်သား ၄၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD