AD
AD
AD
play


သြစတြေးလျနိုင်ငံမှာ အိမ်တိုင်ရာရောက် ပစ္စည်းလိုက်ပို့သူ အမျိုးသားတစ်ဦးဟာ ဝေးလံခေါင်ဖျား နေရာဒေသမှာ ၎င်းရဲ့ကား ချို့ယွင်းသွားပြီးနောက် အကူအညီတောင်းရန် ၆၂ မိုင်ခရီးကို ခြေလျင်လျှောက်ခဲ့ပြီး အသက်ရှင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အသက် ၂၁ နှစ်အရွယ် သောမတ်စ် မတ်ဆန် အမည်ရှိ အမျိုးသားဟာ ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၀ ရက်) က ဝေးလံခေါင်ဖျားတဲ့ နေရာဒေသမှာ ကားမောင်းသွားစဉ် ၎င်းရဲ့ကားက ကုလားအုတ်တစ်ကောင်ကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကားတိမ်းမှောက်ခဲ့ပေမဲ့ သောမတ်စ်ဟာ ဒဏ်ရာမရခဲ့ပါဘူး။ သို့သော် ၎င်းဟာ အနီးဆုံး မြို့တစ်မြို့နဲ့ ၉၃ မိုင်ခန့်အကွာ သြစတြေးလျမြောက်ပိုင်း နယ်မြေမှာ တစ်ဦးတည်း သောင်တင်နေခဲ့ပါတယ်။


သောမတ်စ်ကို လိုက်လံရှာဖွေသူတွေက သောကြာနေ့ (စက်တင်ဘာ ၁ ရက်) နှောင်းပိုင်းမှာ ပြန်ရှာတွေ့ချိန်က ၎င်းဟာ ၆၂ မိုင်နဲ့ ၇၄ မိုင်အတွင်း လမ်းလျှောက်ခဲ့ပြီး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

"ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာပြီး သေမလား ဒါမှမဟုတ် အဝေးပြေးလမ်းမကို ပြန်ရောက်ပြီး တစ်ယောက်ယောက်နဲ့ တွေ့မလား တစ်ခုခုတော့ ဖြစ်မယ်လို့ သိခဲ့ပါတယ်" လို့ သောမတ်စ်က Nine News သတင်းဌာနကို ပြောပါတယ်။

play


သောမတ်စ်ဟာ ၂ ရက်ကျော်ကြာ ခြေလျင်လျှောက်ခဲ့စဉ်အတွင်း ရေကုန်သွားခဲ့ရာမှာ မတတ်သာတဲ့အဆုံးမှာ ၎င်းရဲ့ကျင်ငယ်ရည်ကို ပြန်သောက်ကာ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ သောမတ်စ်က သြစတြေးလျတောင်ပိုင်း အစွန်အဖျားရှိ Pipalyatjara ဒေသကနေ Alice Springs ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။

ထို့နောက် ကားမတော်တဆမှုဖြစ်ပြီး သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့မိဘတွေက သောမတ်စ် ပျောက်နေကြောင်းကို Alice Springs ကနေ Darwin ကို ထွက်ခွာမယ့် လေကြောင်းခရီးစဉ်မှာ လိုက်ပါလာခဲ့ခြင်း မရှိခဲ့ရာမှ သတိပြုမိခဲ့ကြပါတယ်။

လိုက်လံရှာဖွေသူတွေက သောမတ်စ်ကို မြောက်ပိုင်းနယ်မြေရှိ Yulara မြို့ငယ်လေးနဲ့ ၂၃ မိုင်နီးပါးအကွာမှာ ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ သောမတ်စ်ဟာ ပြင်းထန်တဲ့ ရာသီဥတုနဲ့ ရေဓာတ်ခမ်းခြောက်မှုတို့ကြောင့် ဆေးကုသမှုခံယူခဲ့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD