AD
AD
AD
play


သြစတြေလျးနိုင်ငံမှာ မြေယာပိုင်ဆိုင်သူတွေနဲ့ ဂေဟဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေက သားပိုက်ကောင်များ တိုးပွားများပြားလာမှုကို ထိန်းချုပ်နိုင်ခြင်းမရှိ ဖြစ်လာကြောင်း သတိပေးခဲ့ပြီး သားပိုက်ကောင်သား ပိုမိုစားကြရန် တိုက်တွန်းလိုက်တယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ စာရင်းတွေအရ သြစတြေးလျမှာ ၂၀၁၆ ခုနှစ်အတွင်း သားပိုက်ကောင် အရေအတွက် ၄၅ သန်းအထိ ရှိလာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ နှစ်ဆနီးပါး ဖြစ်ကြောင်းလည်း သိရပါတယ်။ ၂၀၁၀ ခုနှစ်က သြစတြေးလျမှာ သားပိုက်ကောင် အရေအတွက် ၂၇ သန်းရှိခဲ့ရာက ယခုအခါ သိသာစွာ တိုးပွားများပြားလာခဲ့တာလည်း ဖြစ်ပါတယ်။


မိုးသည်းထန်တဲ့ ရာသီဥတုအခြေအနေက အစာရေစာ ပေါများလာမှုနဲ့အတူ သားပိုက်ကောင် အရေအတွက်လည်း တိုးပွားလာတယ်လို့ သုံးသပ်ကြပါတယ်။ သို့သော် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာတော့ သားပိုက်ကောင် သန်းနဲ့ချီပြီး အစာရေစာ ငတ်ပြတ်လာနိုင်ကြောင်းလည်း သိပါတယ်။

သြစတြေလျးနိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်များ သတ်ဖြတ်ခြင်းအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပါတယ်။ ပြည်နယ်တစ်ခုချင်းစီမှာ စီးပွားဖြစ် အမဲလိုက်လိုင်စင်နဲ့ သားသတ်လိုင်စင်တွေကို တောရိုင်းတိရိစ္ဆာန် အရေအတွက်အပေါ် မူတည်ပြီး တင်းကျပ်တဲ့ စိစစ်မှုပြုလုပ်ပြီးမှသာ ခွင့်ပြုပေးလေ့ရှိပါတယ်။

play


ဒေသခံသတင်းတွေရဲ့ အဆိုအရ သားပိုက်ကောင်အသား ရောင်းချရာမှာ ဈေးနှုန်းနဲ့ဝယ်လိုအား နည်းပါမှုတို့ကြောင့် တရားဝင် သားသတ်လိုင်စင် အများစုကို လျှောက်ထားရယူခြင်း မရှိကြဘူးလို့ သိရပါတယ်။ သြစတြေးလျမှာ အရေအတွက် များပြားလာတဲ့ သားပိုက်ကောင်တွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နှစ်စဉ် အငြင်းပွားမှုတွေလည်း ရှိနေပါတယ်။

သားပိုက်ကောင် အရေအတွက် လျော့နည်းအောင်ပြုလုပ်ခြင်းက သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်တဲ့ အထောက်အထား မတွေ့ရကြောင်း ကန့်ကွက်သူတွေက ဆိုပါတယ်။

play


သားပိုက်ကောင်တွေရဲ့ သားရေကို လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် ဈေးကွက်တင်ရောင်းချကြပေမဲ့ သားပိုက်ကောင်အသားကိုမူ စားသုံးရအတွက် ဝယ်လိုအားမရှိဘဲ စွန့်ပစ်ရလေ့ရှိကြောင်း သြစတြေးလျအစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

သားပိုက်ကောင်တွေဟာ သြစတြေးလျရဲ့ နိုင်ငံတော်ဆိုင်ရာသင်္ကေတ တိရိစ္ဆာန်အဖြစ် သတ်မှတ်ထားမှုကြောင့် ၎င်းတို့အသားကို စားသုံးခြင်းမှာ ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

သားပိုက်ကောင်သားကို စားသုံးရန်တိုက်တွန်းသူတွေကတော့ သားပိုက်ကောင်သားဟာ အခြား တိရိစ္ဆာန်အသားတွေထက် အဆီပါဝင်မှု နည်းပါးကြောင်း ထောက်ခံပြောကြားထားပါတယ်။

နိုင်ငံရဲ့ အခြား ဂေဟစနစ်တွေကို ကာကွယ်နိုင်ရန်အတွက် ပြည်သူတွေအနေနဲ့ သားပိုက်ကောင်တွေကို အမဲလိုက်ခြင်းအပေါ် ထောက်ခံအားပေးရန် လိုအပ်ကြောင်း University of Adelaide မှ ပါမောက္ခ ဒေးဗစ်ပတ်တွန်က ပြောထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD