play
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို


အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းတို့ကို စစ်ကြေညာလိုက်ကြောင်းနဲ့ တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရီယောင်ဟိုက စက်တင်ဘာ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။

ထိုသို့ တုံ့ပြန်ရာမှာ မြောက်ကိုရီးယား လေပိုင်နက်အတွင်း မဟုတ်သည့်တိုင် အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို ပစ်ချခြင်းလည်း ပါဝင်တယ်လို့ ၎င်းက ဆိုပါတယ်။


ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

စနေနေ့ (စက်တင်ဘာ ၂၃ ရက်) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရီယောင်ဟို မိန့်ခွန်းပြောကြားစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို 'မကောင်းဆိုးဝါး သမ္မတ' အဖြစ် သုံးနှုန်းပြောဆိုသွားခဲ့ကြောင်းလည်း သိရပါတယ်။

play
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်


အမေရိကန်သမ္မတထရန့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို 'ဒုံးကျည်ကောင်' လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ဖူးပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းကို ကြားသိခဲ့ရပြီးနောက် ထရန့်ကလည်း ၎င်းရဲ့ Twitter မှာ ခြိမ်းခြောက်ရေးသားမှု ရှိခဲ့ပါတယ်။

play
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်


"မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂမှာ မိန့်ခွန်းပြောသွားတာ ကြားသိရပါတယ်၊ တစ်ကယ်လို့ သူက ဒုံးကျည်ကောင်လေးရဲ့ စိတ်ကူးတွေကို ထင်ဟပ်ပြောတာ ဖြစ်လို့ကတော့ သူတို့ သိပ်အကြာကြီး ရှိမနေတော့ပါဘူး" လို့ ထရန့်က Twitter မှာ စက်တင်ဘာ ၂၃ ရက် နှောင်းပိုင်းက ရေးသားထားပါတယ်။

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ အပြန်အလှန် စကားလုံးတိုက်ပွဲများဖြင့် တင်းမာမှုများ မြင့်တက်လျက်ရှိပါတယ်။

play


အမေရိကန်နဲ့ မဟာမိတ်တွေကို ခြိမ်းခြောက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါက မြောက်ကိုရီးယားကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ဗုံးကြဲလေယာဉ်တွေက မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းနဲ့ အနီးကပ် ပျံသန်းခဲ့သေးကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂက တားမြစ်ပိတ်ပင်ထားပေမဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ဆောင်နေခဲ့ရာ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်ကလည်း မြောက်ကိုရီးယားက ၎င်းတို့ရဲ့ ၆ ကြိမ်မြောက်နဲ့ အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုကို ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video