စင်ကာပူနိုင်ငံမှာ ဆေးလိပ်မသောက်ရန် တားမြစ်ပိတ်ပင်တဲ့ အဆောက်အအုံ ပြင်ပနေရာများ တိုးချဲ့သတ်မှတ်လိုက်ပါတယ်။

play
ဆေးလိပ်မသောက်ရန် ဥပဒေအရ တားမြစ်ထားကြောင်း သတိပေးထားမှု


National Environment Agency (NEA) က ယနေ့ (စက်တင်ဘာ ၂၆ ရက်) ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ အစိုးရတက္ကသိုလ်ကျောင်းများနဲ့ ကိုယ်ပိုင်တက္ကသိုလ်ကျောင်းတွေရဲ့ အဆောက်အအုံ ပြင်ပနေရာများ၊ Uber နဲ့ Grab ကဲ့သို့ အငှားယာဉ်များပေါ်မှာ ဆေးလိပ်သောက်ခွင့်မရှိကြောင်း သိရပါတယ်။

ဆေးလိပ်သောက်သူတွေဟာ ဘတ်စ်ကားနဲ့ ဆိုက်ကားပေါ် မတက်ခင်မှာ ဆေးလိပ်မီးငြှိမ်းသတ်ရန်လည်း အဆိုပါ ကြေညာချက်မှာ ပြောထားပါတယ်။


ဒါ့အပြင် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးဌာနများ၊ မူကြိုကျောင်းများ၊ မူလတန်းနဲ့ အလယ်တန်းကျောင်းများ၊ ဘာသာရေးစာသင်ကျောင်းများ၊ ကောလိပ်များ၊ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်များ၊ စက်မှုလက်မှု ပညာသင်တန်းကျောင်းများနဲ့ ၁၆ မိုင်ပတ်လည်မှာလည်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ယခု ထုတ်ပြန်လိုက်တဲ့ ဆေးလိပ်မသောက်ရ နေရာများ တိုးချဲ့သတ်မှတ်ခြင်းဟာ လာမယ့် အောက်တိုဘာ ၁ ရက်မှာ စတင်သက်ရောက်မယ်လို့ သိရပါတယ်။

play
စင်ကာပူမှာ ဆေးလိပ်သောက်ရန် သတ်မှတ်ပေးထားသည့် နေရာတစ်ခု


ဆေးလိပ်မသောက်ရ နေရာများ တိုးချဲ့သတ်မှတ်ခြင်းမှာ ဆေးလိပ်သောက်သူများအနီးရှိ ပြည်သူများကို ဆေးလိပ်ကြောင့် ကျန်းမာရေးဆိုးကျိုး သက်ရောက်မှုလျှော့ချရန် ရည်ရွယ်ကြောင်း NEA က ပြောပါတယ်။ NEA က စင်ကာပူမှာ ဆေးလိပ်မသောက်ရ နေရာများ တဖြည်းဖြည်း တိုးချဲ့သတ်မှတ်လာခဲ့တာလည်း ဖြစ်ပါတယ်။

စင်ကာပူမှာ ၁၉၇၇ ခုနှစ်၊ သြဂုတ်လကတည်းက တက္ကသိုလ်ကျောင်း အဆောက်အအုံများအတွင်း ဆေးလိပ်မသောက်ရန် တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။ ယခုအခါ တက္ကသိုလ်ကျောင်းတွေရဲ့ အဆောက်အအုံ ပြင်ပနေရာတွေမှာလည်း ဆေးလိပ်မသောက်ရန် တားမြစ်ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

NEA ရဲ့ အသစ်ထုတ်ပြန် သတ်မှတ်မှုများအရ တားမြစ်ပိတ်ပင်ထားတဲ့ နေရာတွေမှာ ဆေးလိပ်သောက်သူတွေကို ပထမ ၃ လအတွင်း ပညာပေးအစီအစဉ်အရ သတိပေးပြောဆိုသွားမယ်လို့ ဆိုပါတယ်။ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video