မက္ကစီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်စခန်းတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မက္ကစီကိုနိုင်ငံရှိ မူးယစ်ဆေးဖြတ်စခန်းမှာ ပစ်ခတ်မှုဖြစ်ပွား


အင်္ဂါနေ့ (စက်တင်ဘာ ၂၇ ရက်) ညပိုင်းက မက္ကစီကိုမြောက်ပိုင်းရှိ မူးယစ်ဆေးဖြတ်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ ရာဇဝတ်ဂိုဏ်းနှစ်ခုကြား နယ်မြေလုကြရာမှာ အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်နေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


မက္ကစီကိုမြောက်ကိုင်း ချီဟွာဟွာမြို့အနီးရှီ ရိုဆာရီယိုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် ၁၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ ပြောခွင့်ရပုဂ္ဂိုလ် ကားလို့စ်ဟူအာတာက ယနေ့ (စက်တင်ဘာ ၂၇ ရက်) ပြောပါတယ်။


"ကျွန်တော်တို့ ကနဦး စစ်ဆေးမှုတွေအရ ဒီတိုက်ခိုက်မှုဟာ ရာဇဝတ်ဂိုဏ်းတစ်ခုက မူးယစ်ဆေးဝါး ရောင်းဝယ်ဖို့အတွက် နယ်မြေလုယူမှုနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

Aztecas အမည်ရှိ ရာဇဝတ်ဂိုဏ်းက ပြိုင်ဘက် Los Mexicles ဂိုဏ်းမှ ဂိုဏ်းဝင်တွေရှိနေတဲ့ မူးယစ်ဆေးဖြတ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြကြောင်း အာဏာပိုင်တွေက သုံးသပ်ထားပါတယ်။

Los Mexicles ဂိုဏ်းဟာ မက္ကစီကိုမှ နာမည်ကြီး မူးယစ်ဆေးဝါးဂိုဏ်းဖြစ်တဲ့ Sinaloa နဲ့ ပူးပေါင်းထားတယ်လို့လည်း ဆိုပါတယ်။ အဆိုပါ ဂိုဏ်းနှစ်ခုဟာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

play
စီနာလိုနာမူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်ချတ်ပိုကို ဖမ်းဆီးခဲ့စဉ်


မက္ကစီကိုမှာ ယမန်နှစ်အတွင်းက မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၂၃,၀၀၀ အထိ သေဆုံးခဲ့ပြီး လက်ရှိသမ္မတ အန်းနရစ်ပီနာနီယာတို ၂၀၁၂ ခုနှစ်မှာ တာဝန်ယူခဲ့ပြီးနောက်ပိုင်း သေဆုံးမှုအများဆုံးနှစ်လည်း ဖြစ်လာခဲ့ပါတယ်။

ထို့နောက်ပိုင်းမှစပြီး မက္ကစီကိုမှာ မူးယစ်ဆေးဝါးဂိုဏ်းများကြား အမေရိကန်နိုင်ငံအတွင်း မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းရာ လမ်းကြောင်းများနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။ ယခုနှစ်အတွင်း ထိုသို့ တိုက်ခိုက်မှုတွေကြောင့် ချီဟွာဟွာပြည်နယ် တစ်ခုတည်းမှာပင် ၁,၄၄၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video