International News: အစ္စရေးကိုဆန့်ကျင်ပြီး ဘက်လိုက်မှုကြောင့် ယူနက်စကိုအဖွဲ့မှ အမေရိကန် နုတ်ထွက်

, updated

ယူနက်စကိုအဖွဲ့အစည်းဟာ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

အမေရိကန်နိုင်ငံက ကုလသမဂ္ဂရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အဖွဲ့အစည်း ယူနက်စကို (UNESCO) အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သွားတော့မယ်လို့ ပြောပါတယ်။ နောက်ဆက်တွဲ သတင်းအရ အစ္စရေးနိုင်ငံကလည်း အမေရိကန်နည်းတူ ယူနက်စကိုအဖွဲ့မှ နုတ်ထွက်သွားမယ်လို့ သိရပါတယ်။

play


ယူနက်စကိုအဖွဲ့ (UNESCO - United Nations Educational, Scientific and Cultural Organization) ဟာ အစ္စရေးကို ဆန့်ကျင်ပြီး ဘက်လိုက်မှုရှိနေကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။ ကုလသမဂ္ဂရဲ့ ယူနက်စကိုအဖွဲ့အစည်းဟာ ကမ္ဘာ့ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

ဆီးရီးယားနိုင်ငံမှ ပယ်မိုင်ရာ (Palmyra) နဲ့ အမေရိကန်ရှိ ဂရင်းကင်ညွန် (Grand Canyon) ကဲ့သို့ ကမ္ဘာနိုင်ငံများရှိ ရှေးဟောင်းသမိုင်းအဝင် နေရာတွေကို  ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းသတ်မှတ်မှုတွေကို ယူနက်စကိုက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။


အမေရိကန်အစိုးရက ယူနက်စကိုအဖွဲ့ရဲ့ ကြွေးမြီပြဿနာတွေအပေါ် စိုးရိမ်မိကြောင်းနဲ့ ယူနက်စကိုအဖွဲ့အစည်းဟာ ပြုပြင်ပြောင်းလဲရေး လိုအပ်နေကြောင်း ပြောပါတယ်။ ယူနက်စကို အကြီးအကဲ အီရီနာဘိုကိုဗာက အမေရိကန် နုတ်ထွက်မှုဟာ အလွန်ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။

ယူနက်စကိုမှ အမေရိကန် နုတ်ထွက်သွားမှုဟာ ကုလသမဂ္ဂ မိသားစုနဲ့ နိုင်ငံစုံပါဝင်မှုအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်းလည်း အီရီနာဘိုကိုဗာက သုံးသပ်ပါတယ်။

play
ယူနက်စကို အကြီးအကဲ အီရီနာဘိုကိုဗာ


ယူနက်စကိုရဲ့ ဆုံးဖြတ်ချက်တွေအပေါ် အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့က ဝေဖန်စရာတွေ ဖြစ်လာခဲ့ပြီးနောက် အမေရိကန်က နုတ်ထွက်မယ်လို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ယူနက်စကိုက ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် အပြည့်အဝ အခွင့်အရေးပေးမှုကို ကန့်ကွက်တဲ့အနေဖြင့် အမေရိကန်က ရန်ပုံငွေထည့်ဝင်မှုကို ဖျက်သိမ်းခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းကလည်း ဂျေရုဆလင်ရှိ ဘာသာရေးအထွတ်အမြတ် နေရာတစ်ခုဟာ ဂျူးလူမျိုးတို့နဲ့ ဆက်နွယ်မှုမရှိကြောင်း ယူနက်စကိုက ဆုံးဖြတ်ခဲ့ရာ အစ္စရေးနိုင်ငံက ယူနက်စကိုအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့ထားခဲ့ကြောင်း သိရပါတယ်။

play
ဟီဘရွန်းမြို့ဟောင်း (Old City of Hebron) တစ်နေရာ


ယူနက်စကိုရဲ့ အဆိုပါ ဆုံးဖြတ်သတ်မှတ်ချက်က အစ္စရေးကို ဆန့်ကျင်ပြီး ဘက်လိုက်ရာရောက်ကြောင်း အမေရိကန်က ရှုမြင်ထားပါတယ်။

ယခုနှစ် အစောပိုင်းမှာ ယူနက်စကိုက အနောက်ဘက်ကမ်းခြေရှိ ဟီဘရွန်းမြို့ဟောင်း (Old City of Hebron) ကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြေညာခဲ့ရာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နက်တန်ယာဟူကလည်း ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

play
ယူနက်စကို ရုံးချုပ်နေရာ


ယူနက်စကိုအဖွဲ့အစည်းကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်းဟာ ဘဏ္ဍရေး ချွေတာလိုမှုကြောင့်လည်း ဖြစ်ကြောင်း  Foreign Policy မဂ္ဂဇင်းက သုံးသပ်ထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေကို အမေရိကန်အနေနဲ့ အချိုးညီမျှခြင်းမရှိတဲ့ ရန်ပုံငွေများ ထည့်ဝင်နေရကြောင်း ရှုမြင်ထားကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံက ကုလသမဂ္ဂရဲ့ ပုံမှန်အသုံးစရိတ်အတွက် ၂၂ ရာခိုင်နှုန်း ကျခံပေးရပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ကုန်ကျစရိတ် ၂၈ ရာခိုင်နှုန်း ထည့်ဝင်ပေးနေရတယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ