AD
AD
AD

ကတ်တလိုနီးယား ဒေသဆိုင်ရာအစိုးရအဖွဲ့မှ ဖယ်ရှားခံရတဲ့ ဝန်ကြီးဟောင်း ၉ ဦးကို စပိန်တရားရုံးက ရမန်ထုတ်ပေးပြီး ဖမ်းဆီးထိန်းသိမ်းစေခဲ့ကြောင်း သိရပါတယ်။

play
ဖမ်းဆီးထန်းသိမ်းခံရသည့် ကတ်တလိုနီးယား ဝန်ကြီးဟောင်းများ


ကတ်တလိုနီးယား လွတ်လပ်ရေးကြေညာမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းခံရန် မက်ဒရစ်မြို့ကို ရောက်ရှိလာတဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၉ ဦးအနက် ၈ ဦးကို ဖမ်းဆီးထိန်းသိမ်းရန် အစိုးရရှေ့နေတွေက တရားသူကြီးထံ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ကတ်တလိုနီးယား ဝန်ကြီးဟောင်းတွေကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနဲ့ ပြည်သူ့ရန်ပုံငွေများ အလွဲသုံးစားပြုမှုတို့ဖြင့် စွပ်စွဲထားပါတယ်။ ကတ်တလိုနီးယားခေါင်းဆောင်ဟောင်း ကားလက်စ် ပူဒီမောင့်ကိုလည်း ဥရောပသမဂ္ဂဆိုင်ရာ ဖမ်းဝရမ်းထုတ်ရန် စပိန်အစိုးရရှေ့နေတွေက တင်ပြထားပါတယ်။

play


ဖမ်းဝရမ်းထုတ်ရန် တင်ပြထားမှုဟာ ဘယ်လ်ဂျီယံနိုင်ငံကို တနင်္လာနေ့ (အောက်တိုဘာ ၃၀ ရက်) ကတည်းက ရောက်ရှိနေခဲ့တဲ့ အခြား ကတ်တလိုနီးယား ဝန်ကြီးဟောင်း ၄ ဦးလည်း အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ကတ်တလိုနီးယားခေါင်းဆောင်ဟောင်းကို နိုင်ငံရေးခိုလှုံခွင့်ပေးသွားမယ်လို့ ဘယ်လ်ဂျီယံ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက မကြာသေးမီက ပြောထားပါတယ်။

play
အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည့် စန်တီဗီလာ


ထပ်မံ သိရှိရတဲ့ သတင်းတွေအရ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကတ်တလိုနီးယား အစိုးရအဖွဲ့ဝင်ဟောင်းတွေအနက် စန်တီဗီလာကို ယူရိုငွေ ၅၀,၀၀၀ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ကတ်တလိုနီးယားဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ကတ်တလိုနီးယား လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် ထိုနေ့မှာပင် စပိန်ဗဟိုအစိုးရက အဆိုပါဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး ဒေသဆိုင်ရာအစိုးရအဖွဲ့ကို ဖယ်ရှားကာ တိုက်ရိုက်အုပ်ချုပ်မှု စတင်လုပ်ဆောင်ခဲ့ပါတယ်။

play
ဘယ်လ်ဂျီယံမှာ ရောက်ရှိနေသည့် ကားလက်စ် ပူဒီမောင့်


စပိန်နိုင်ငံ ဗဟိုအစိုးရက ကတ်တလိုနီးယား ဒေသဆိုင်ရာလွှတ်တော်အတွက် ရွေးကောက်ပွဲတွေကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ကတ်တလိုနီးယားခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရတဲ့ ကားလက်စ် ပူဒီမောင့်က စပိန်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်ကို ဒီမိုကရေစီနည်းလမ်းအရ ဆန့်ကျင်သွားကြရန် တိုက်တွန်းထားပါတယ်။

၎င်းက ကတ်တလိုနီးယားဒေသ ကိုယ်ပိုပ်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းကို ရှုတ်ချလိုက်ပြီး လွတ်လပ်တဲ့နိုင်ငံ တည်ထောင်ရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။


စပိန်နိုင်ငံမှာ ကတ်တလိုနီးယားဒေသ လွတ်လပ်ရေးကြေညာမှု၊ စပိန်အစိုးရက ထိုဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး တိုက်ရိုက်အုပ်ချုပ်ရန် သတ်မှတ်ပြဋ္ဌာန်းမှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်း ပေါ်ပေါက်လာခဲ့ပါတယ်။

စပိန်နိုင်ငံမှ ကတ်တလိုနီးယားဒေသ ခွဲထွက်ရေး လူထုဆန္ဒခံယူပွဲကို အောက်တိုဘာ ၁ ရက်က ပြုလုပ်ခဲ့ရာ လူဦးရေ ၂.၂၆ သန်းက ဆန္ဒမဲပေးခဲ့ကြပြီး မဲရလဒ်များအရ ဆန္ဒမဲပေးသူ ၉၀ ရာခိုင်နှုန်းက ခွဲထွက်ရေးကို ထောက်ခံမဲပေးခဲ့ကြပါတယ်။

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တလိုနီးယားဒေသမှာ လူဦးရေ ၇.၅ သန်း နေထိုင်ကြပြီး ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရထားပေမဲ့ စပိန်နိုင်ငံ အခြေခံဥပဒေအရ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခွင့်မပြုထားကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD