စပိန်နိုင်ငံ ကတ်တလိုနီးယား ဒေသခေါင်းဆောင်အဖြစ်မှ ဖြုတ်ချခံခဲ့ရတဲ့ ကားလက်စ် ပူဒီမောင့်နဲ့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးက ဘယ်လ်ဂျီယံနိုင်ငံ ရဲတပ်ဖွဲ့ထံမှာ လာရောက်အဖမ်းခံခဲ့ကြကြောင်း သိရပါတယ်။

play
ကတ်တလိုနီးယား ခေါင်းဆောင်ဟောင်း ကားလက်စ်


ကတ်တလိုနီးယား အာဏာပိုင်ဟောင်းတွေကို စပိန်တရားရုံးက နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ထားတဲ့ ဥရောပသမဂ္ဂဆိုင်ရာ ဖမ်းဝရမ်းအရ အရေးယူဆောင်ရွက်ခြင်းပြု မပြုနဲ့ ပတ်သက်ပြီး ဘယ်လ်ဂျီယံ တရားရေးဌာနက ယနေ့ (နိုဝင်ဘာ ၆ ရက်) စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ကားလက်စ် ပူဒီမောင့်ဟာ စပိန်အစိုးရက ကတ်တလိုနီးယားဒေသကို တိုက်ရိုက်အုပ်ချုပ်မှု စတင် ဆောင်ရွက်လာခဲ့ပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံကို ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

play
ကားလက်စ်နဲ့အတူ ဘယ်လ်ဂျီယံမှာ အဖမ်းခံခဲ့သူ ၄ ဦး


ကတ်တလိုနီးယားကို စပိန်လက်အောက်ကနေ လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် စပိန်ဗဟိုအစိုးရက အဆိုပါဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားမှုကို ရုပ်သိမ်းကာ တိုက်ရိုက်အုပ်ချုပ်မှု ပြုလုပ်လာခဲ့ပါတယ်။

ကတ်တလိုနီးယားခေါင်းဆောင်ဟောင်း ကားလက်စ်က မျှတတဲ့ တရားစီရင်မှုအတွက် အာမခံချက်မရှိပါက စပိန်ကို ပြန်သွားမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။


ကားလက်စ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦးတို့ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု၊ ပြည်သူ့ရန်ပုံငွေများ အလွဲသုံးစားပြုမှု၊ ညွန်ကြားချက်မလိုက်နာမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုတို့ဖြင့် စပိန်အစိုးရက အလိုရှိကြောင်း ဖမ်းဝရမ်းထုတ်ထားပါတယ်။

ကတ်တလိုနီးယား ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ၉ ဦးကိုလည်း စပိန်အာဏာပိုင်တွေက မက်ဒရစ်မြို့မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ဖြစ်ပါတယ်။

play
စပိန်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် ကတ်တလိုနီးယား ဝန်ကြီးဟောင်းများ


စပိန်ဗဟိုအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကတ်တလိုနီးယား အစိုးရအဖွဲ့ဝင်ဟောင်းတွေအနက် စန်တီဗီလာကို ယူရိုငွေ ၅၀,၀၀၀ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ကတ်တလိုနီးယားဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့မှုကြောင့် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ကတ်တလိုနီးယား လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် ထိုနေ့မှာပင် စပိန်ဗဟိုအစိုးရက အဆိုပါဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရုပ်သိမ်းပြီး ဒေသဆိုင်ရာအစိုးရအဖွဲ့ကို ဖယ်ရှားကာ တိုက်ရိုက်အုပ်ချုပ်မှု စတင်လုပ်ဆောင်ခဲ့ပါတယ်။

play
ကတ်တလိုနီးယား ဝန်ကြီးဟောင်းတွေကို ထိန်းသိမ်းမှုအား ဆန္ဒပြစဉ်


စပိန်နိုင်ငံ ဗဟိုအစိုးရက ကတ်တလိုနီးယား ဒေသဆိုင်ရာလွှတ်တော်အတွက် ရွေးကောက်ပွဲတွေကို လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကတ်တလိုနီးယားဒေသမှာ လူဦးရေ ၇.၅ သန်း နေထိုင်ကြပြီး ကိုယ်ပိုင် ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ရထားပေမဲ့ စပိန်နိုင်ငံ အခြေခံဥပဒေအရ သီးခြားနိုင်ငံအဖြစ် ခွဲထွက်ခွင့်မပြုထားကြောင်းလည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video