play
မင်းသား မန်ဆာ ဘင်မွတ်ခ်ရင်


ဆော်ဒီအာရေဗီးယား တော်ဝင်မင်းသားတစ်ဦးနဲ့ အစိုးရတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစ်စင်း ယီမင်နိုင်ငံနဲ့ နယ်စပ်အနီးမှာ ပျက်ကျခဲ့ရာ တော်ဝင်မင်းသား သေဆုံးသွားကြောင်း ဆော်ဒီအစိုးရ ရုပ်မြင်သံကြားသတင်းက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်က ရဟတ်ယာဉ်ပျက်ကျမှုအတွင်း Asir ဒေသ လက်ထောက်အုပ်ချုပ်ရေးမှူး မင်းသား မန်ဆာ ဘင်မွတ်ခ်ရင် သေဆုံးခဲ့ကြောင်း Al-Ekhbariya ရုပ်မြင်သံကြားသတင်းက ကြေညာခဲ့ပါတယ်။

play


မင်းသားမန်ဆာဟာ ယခင် ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ သားတစ်ဦးလည်း ဖြစ်ပါတယ်။ ရဟတ်ယာဉ် ပျက်ကျရတဲ့အကြောင်းရင်းနဲ့ လိုက်ပါသားတဲ့ အခြား အစိုးရတာဝန်ရှိသူတွေရဲ့ အခြေအနေကိုတော့ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။


ဆော်ဒီမှာ ဘီလျံနာတစ်ဦးဖြစ်တဲ့ မင်းသား အယ်လ်ဝါလိဒ် အပါအဝင် တော်ဝင်မင်းသား ၁၁ ဦး၊ လက်ရှိဝန်ကြီး ၄ ဦးနဲ့ ဝန်ကြီးဟောင်း ၁၀ ဦးတို့ကိုလည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မတီက လတ်တလော ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းမှုဟာ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်းက ၎င်းရဲ့ လုပ်ပိုင်ခွင့်အာဏာကို ပိုမိုခိုင်မြဲအောင် လုပ်ဆောင်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

play
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟမ်မက် ဘင်ဆဲလ်မန်း


ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်မတိုင်မီ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်များ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းကို ရီယတ်ဒ်မြို့တော်အနီးမှာ ကြားဖြတ်ပစ်ချခဲ့ရကြောင်း ဆော်ဒီစစ်တပ်က ကြေညာထားခဲ့ပါတယ်။

သို့သော် ယီမင်နဲ့နယ်စပ်အနီး ယခု ရဟတ်ယာဉ် ပျက်ကျရခြင်းမှာ ဟူသီသူပုန်တွေနဲ့ ဆက်စပ်မှုရှိ မရှိ အတည်မပြုနိုင်သေးဘူးလို့ ဆော်ဒီသတင်းတွေက ဖော်ပြခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video