International News: တောင်ကိုရီးယားဘက်သို့ထွက်ပြေးတဲ့ စစ်သားကို မြောက်ကိုရီးယားစစ်တပ်က သေနတ်ဖြင့် အချက် ၄၀ ပစ်ခတ်

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်သို့ နှစ်စဉ် လူ ၁,၀၀၀ ခန့် ထွက်ပြေးခိုလှုံနေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားဘက်သို့ အစောင့်အကြပ် ထူထပ်စွာချထားတဲ့ စစ်မဲ့ဇုန်ကို ဖြတ်သန်းကာ ထွက်ပြေးသွားတဲ့ စစ်သားတစ်ဦးကို မြောက်ကိုရီးယားစစ်တပ်က သေနတ်ဖြင့် အချက် ၄၀ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

play
သေနတ်ဒဏ်ရာရသည့် မြောက်ကိုရီးယား စစ်သားကို သယ်ဆောင်လာစဉ်


တောင်ကိုရီးယာဘက်သို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားစစ်သားဟာ ၅ ကြိမ်ထက်မနည်း သေနတ်ထိမှန်ခံခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

အဆိုပါ စစ်သားဟာ နှစ်နိုင်ငံ လုံခြုံရေးစောင့်ကြပ်နေတဲ့ ပန်မွန်ဂျုံကျေးရွာရှိ Joint Security Area (JSA) ရဲ့ တောင်ကိုရီးယားဘက်အခြမ်းကို တနင်္လာနေ့ (နိုဝင်ဘာ ၁၃ ရက်) က ဖြတ်ကျော်ဝင်ရောက်လာခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်သားက JSA အနီးကို ကားမောင်းနှင်လာခဲ့ပေမဲ့ ကားဘီးချို့ယွင်းသွားမှုကြောင့် တောင်ကိုရီးယားဘက်ကို ခြေလျင်ခရီးနှင် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

play
နှစ်နိုင်ငံ တပ်ဖွဲ့များ မျက်နှာချင်းဆိုင် စောင့်ကြပ်နေသည့် JSA နေရာ


မြောက်ကိုရီးယားစစ်တပ်က ၎င်းကို လိုက်လံပစ်ခတ်ခဲ့ပေမဲ့ တောင်ကိုရီးယားဘက်ကို ရောက်ရှိလာခဲ့ပြီး သစ်ရွက်သစ်ခက်တွေအောက်မှာ တောင်ကိုရီးယားစစ်တပ်က တွေ့ရှိခဲ့ပါတယ်။

မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဘက်သို့ နှစ်စဉ် လူ ၁,၀၀၀ ခန့် ထွက်ပြေးခိုလှုံနေကြပေမဲ့ အစောင့်အကြပ်ထူထပ်တဲ့ စစ်မဲ့ဇုန်နေရာမှတစ်ဆင့် ဖြတ်သန်းလေ့မရှိဘူးလို့ ဆိုပါတယ်။

 

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ စစ်မဲ့ဇုန် (Demilitarised Zone) ဟာ ကမ္ဘာ့ အစောင့်အကြပ် အထူထပ်ဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စစ်မဲ့ဇုန်တစ်လျှောက် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ မျက်နှာချင်းဆိုင် အနီးကပ်စောင့်ကြပ်နေကြတဲ့ JSA နေရာကို ဖြတ်သန်းကာ မြောက်ကိုရီးယားများ ထွက်ပြေးခိုလှုံမှုမှာ ပိုမိုဖြစ်ခဲတဲ့ ဖြစ်ရပ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားစစ်သားထံမှ ကျည်ဆန် ၅ တောင့်ကို ခွဲစိတ်ဖယ်ရှားခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က ယနေ့ (နိုဝင်ဘာ ၁၄ ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။

play
တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်စပ်ခြံစည်းရိုး


"ဒီနေ့ မနက်ပိုင်းအထိတော့ မြောက်ကိုရီးယားစစ်သားက သတိမရသေးဘဲ အောက်စီဂျင်ပေးထားရပါတယ်၊ ဒါပေမဲ့ သူ့အသက်ကို ကယ်လိုက်နိုင်ပါပြီ" လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားစစ်သားရဲ့ ခန္ဓာကိုယ်တွင်းမှ ကျည်ဆန် ၅ တောင့်ကို ဖယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ် ကျည်ဆန် ၂ တောင့် ကျန်နေသေးတယ်လို့ သံသယရှိကြောင်း တောင်ကိုရီးယားစစ်တပ်မှ တာဝန်ရှိသူက ဆိုပါတယ်။

မြောက်ကိုရီးယားစစ်သားက နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းမှာ JSA နေရာကို ဦးတည်ပြီး ကားမောင်နှင်လာခဲ့ပေမဲ့ ကားဘီးချို့ယွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် ကားအတွင်းမှထွက်ပြီး နယ်စပ်ကိုဖြတ်သန်း ထွက်ပြေးခဲ့ရာ မြောက်ကိုရီးယားစစ်တပ်က ၎င်းကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယား ၃၀,၀၀၀ ကျော် တောင်ကိုရီးယားသို့ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံဟာ စစ်မက်ဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်မှာ အပစ်အခတ်ရပ်စဲကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ တရားဝင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားနိုင်ခြင်း မရှိသေးတာကြောင့် သတ်မှတ်ချက်တွေအရ စစ်ဖြစ်နေဆဲလို့ ဆိုနိုင်ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ