AD
AD
AD
play
တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲဟောင်း လီဗြောင်ကီး


တောင်ကိုရီးယားနိုင်ငံမှ ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်းနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

ထောက်လှမ်းရေး အကြီးအကဲဟောင်းနှစ်ဦးကို ရာထူးမှဖယ်ရှားခံရတဲ့ သမ္မတပါ့ခ်ဂွမ်ဟေးရဲ့ လက်ထောက်တွေထံ လာဘ်ငွေအဖြစ် အမေရိကန်ဒေါ်လာသန်းနဲ့ချီ ပေးခဲ့ကြောင်း သံသယရှိမှုဖြင့် ယနေ့ (နိုဝင်ဘာ ၁၇ ရက်) ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play
သမ္မတရာထူးမှ ဖယ်ရှားခံရသည့် ပါ့ခ်ဂွမ်ဟေး


တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန (National Intelligence Service - NIS) ရဲ့ အကြီးအကဲတွေဖြစ်တဲ့ နမ်ဂျေဂျွန်းနဲ့ လီဗြောင်ကီးတို့က ၎င်းတို့ဌာနရဲ့ ဘတ်ဂျက်ထဲမှ အမေရိကန်ဒေါ်လာ ၃.၆၃ သန်းကို သမ္မတပါ့ခ်ဂွမ်ဟေးရဲ့ လက်ထောက်တွေထံ လစဉ်ကြေးအဖြစ် ပေးအပ်ခဲ့ပြီး ရာထူးတိုးရန် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဆိုးလ်မြို့ တရားရုံးက ကြားနာစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း သက်သေအထောက်အထားများကို ဖျက်ဆီးပစ်ပြီး ထွက်ပြေးနိုင်မှုကြောင့် ဖမ်းဝရမ်းထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


နမ်ဂျေဂျွန်းနဲ့ လီဗြောင်ကီးတို့ဟာ ပါ့ခ်ဂွမ်ဟေး သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ထောက်လှမ်းရေးဌာန အကြီးအကဲတွေအဖြစ် ဆောင်ရွက်ခဲ့ကြပါတယ်။

၎င်းတို့ဟာ အလွဲသုံးစားပြုမှု၊ လာဘ်ပေးလာဘ်ယူမှုနဲ့ နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေမှု အပါအဝင် စွဲချက်များနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပါ့ခ်ဂွမ်ဟေးရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လက်ထောက်တွေက သမ္မတရုံးကို လစဉ်ငွေပေးရန် ကမ်းလှမ်းခဲ့ကြောင်း နမ်ဂျေဂျွန်းနဲ့ လီဗြောင်ကီးတို့က ထွက်ဆိုထားပါတယ်။

play
ပါ့ခ်ဂွမ်ဟေး၏သူငယ်ချင်း ချိုဆွန်ဆေးလ်


ရာထူးမှဖယ်ရှားခံရတဲ့ သမ္မတပါ့ခ်ဂွမ်ဟေးရဲ့ လက်ထောက်ဟောင်းနှစ်ဦးကိုလည်း ယခုလ အစောပိုင်းမှာ NIS ထံမှ ငွေလက်ခံရယူကြောင်း သံသယဖြင့် ဖမ်းဆီးခဲ့ပြီး ၎င်းတို့က သမ္မတရဲ့ ညွန်ကြားချက်အရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယား ထောက်လှမ်းရေးဌာန NIS ဟာ ကွန်ဆာဗေးတစ် သမ္မတနှစ်ဦးလက်ထက်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက် ခြယ်လှယ်ရန် အာဏာအလွဲသုံးခဲ့ကြောင်း စွပ်စွဲမှုတွေ ယခင်ကတည်းက ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

NIS ရဲ့ ထိပ်တန်းအရာရှိဟောင်း တစ်ဦးကိုလည်း သမ္မတပါ့ခ်ဂွမ်ဟေးကို ဝေဖန်ပြစ်တင်တဲ့ အထက်တန်းလွှာ ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်နဲ့ ထင်ရှားကျော်ကြားသူတွေကို တရားမဝင် စုံစမ်းထောက်လှမ်းခဲ့မှုဖြင့် ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခဲ့ပါတယ်။

play
ထောင်ဒဏ်ချမှတ်ခံရသည့် Samsung အကြီးအကဲ လီဂျေယောင်း


ဒ့ါအပြင် NIS အကြီးအကဲဟောင်း ဝန်ဆေဟွန်းကိုလည်း ၂၀၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း ပါ့ခ်ဂွမ်ဟေးရဲ့ အဓိကပြိုင်ဘက်ကို ပြည်သူလူထု အထင်အမြင်မှားစေရန် အွန်လိုင်းမှာ ဝါဒဖြန့်ဆောင်ရွက်ရန် NIS ဝန်ထမ်းတွေကို စေခိုင်းခဲ့မှုဖြင့် သြဂုတ်လအတွင်းက ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

တောင်ကိုရီးယားမှာ သမ္မတပါ့ခ်ဂွမ်ဟေးက သူငယ်ချင်ဖြစ်သူ ချိုဆွန်ဆေးလ်နဲ့ ပူးပေါင်းပြီး လာဘ်ငွေရယူခဲ့မှုများ ပေါ်ထွက်လာခဲ့ပြီး နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ပါ့ခ်ဂွမ်ဟေးနဲ့ ချိုဆွန်ဆေးလ်တို့ကို ဖမ်းဆီးထားပြီး အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှုတို့ဖြင့် စွဲချက်တင်ထားပါတယ်။

ပါ့ခ်ဂွမ်ဟေးကို လာဘ်ငွေပေးပြီး ကုမ္ပဏီအတွက် အခွင့်အရေးများရရှိစေရန် လုပ်ဆောင်ခဲ့မှုဖြင့် Samsung ကုမ္ပဏီ အမွေဆက်ခံသူနဲ့ အကြီးအကဲ လီဂျေယောင်းကိုလည်း ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD