အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ဖွင့်လှစ်ထားတဲ့ အိမ်သာပြတိုက်က ကမ္ဘာပေါ်မှာ တစ်ခုတည်းသာရှိတယ်လို့ ဆိုပါတယ်။ အိမ်သာပြတိုက်ကို Sulabh International ပရဟိတအဖွဲ့အစည်း တည်ထောင်ခဲ့သူ ဘင်ဒက်ရှ်ဝါ ပါသတ်သ်က အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီမြို့က အိမ်သာပြတိုက်


"ဒါက ပုံမှန်မဟုတ်တဲ့ ပြတိုက်တစ်ခုပါ၊ ကမ္ဘာမှာ ဒီလိုပြတိုက်မျိုး တစ်ခုပဲရှိမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဘင်ဒက်ရှ်ဝါက AFP သတင်းဌာနကို ပြောပါတယ်။

အိမ်သာတွေဟာ စင်ကြယ်မှုကို ထိခိုက်စေကြောင်း အယူအဆရှိပြီး ၎င်းတို့ရဲ့ နေအိမ်တွေမှာ အိမ်သာ ဆောက်လုပ်မထားကြတဲ့ အိန္ဒိပြည်သူတွေရဲ့ လွဲမှားမှုကို ပြောင်းလဲပစ်ရန် Sulabh International Museum of Toilets အိမ်သာပြတိုက်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

play
၁၈ ရာစုခေတ်က ပြင်သစ်ဘုရင်ရဲ့ အိမ်သာ


အိမ်သာပြတိုက်မှာ သစ်သားခုံအတွင်း အိမ်သာကြွေခွက် မြုပ်နှံတပ်ဆင်ထားတဲ့ ပြင်သစ်ဘုရင်တစ်ပါးရဲ့ အိမ်သာကိုလည်း ပြသထားပါတယ်။ အဆိုပါ သစ်သားခုံနဲ့ အိမ်သာကြွေခွက်ဟာ ပြင်သစ်ဘုရင် လူးဝစ် ၁၄ (King Louis XIV) အသုံးပြုခဲ့တာဖြစ်ပြီး အိမ်သာပြတိုက်ရဲ့ အဖိုးထိုက်တန်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။

play
အိန္ဒိယမှ ရွေ့လျားအိမ်သာ


၁၈ ရာစုနှစ်မှ အဆိုပါ ပြင်သစ်ဘုရင်ဟာ ဝမ်းချုပ်သူဖြစ်တာကြောင့် အိမ်သာတက်တဲ့အခါ အချိန်ကြာလေ့ရှိပါတယ်။ ထို့ကြောင့် ဘုရင်က ၎င်း အိမ်သာတက်နေစဉ်မှာလည်း လိုအပ်သူတွေနဲ့ ပြောဆိုဆွေးနွေစရာ ကိစ္စရပ်တွေကို အိမ်သာထဲကနေ ပြုလုပ်ခဲ့ပြီး အချိန်မကုန်အောင် စီမံခဲ့ကြောင်း ပြတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။

play


အိမ်သာပြတိုက်မှာ နှစ်ပေါင်းရာချီ သက်တမ်းရှိ အိမ်သာကြွေခွက်များနဲ့ အသုံးအဆောင်များအပြင် လူတွေရဲ့ အညစ်အကြေးကို စက္ကန့်ပိုင်းအတွင်း ပြာအဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ ခေတ်မီ စက်ကိရိယာကိုလည်း ပြသထားပါတယ်။

နယူးဒေလီ အိမ်သာပြတိုက်ကို နေ့စဉ် လာရောက်ကြည့်ရှုသူ အများအပြားရှိပြီး ကုလသမဂ္ဂ ကမ္ဘာ့အိမ်သာနေ့ (UN World Toilet Day) ဖြစ်တဲ့ ယနေ့ (နိုဝင်ဘာ ၁၉ ရက်) မှာ လာရောက်ကြည့်ရှုသူ ပိုမိုများပြားမယ်လို့ မျှော်လင့်ရပါတယ်။

play
အိမ်သာခွက် ရေဆင်းစနစ်ကို ပြသနေသည့် ပြတိုက်တည်ထောင်သူ ဘင်ဒက်ရှ်ဝါ


အိမ်သာပြတိုက်ဟာ ၂၀၁၄ ခုနှစ်က Time မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ထူးခြားဆန်းပြား ပြတိုက် ၁၀ ခု စာရင်းမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း လူစိတ်ဝင်စားမှု ပိုမိုရှိလာခဲ့ကြောင်း တည်ထောင်သူ ဘင်ဒက်ရှ်ဝါက ပြောပါတယ်။

"စနေ၊ တနင်္ဂနွေလို ရက်တွေမှာ လူတွေ ရာနဲ့ချီ လာကြည့်ကြတယ်" လို့ အိန္ဒိယရဲ့ အိမ်သာဂုရု (Toilet Guru) လို့ လူတွေက ခေါ်ဆိုကြတဲ့ အသက် ၇၄ နှစ်အရွယ် ဘင်ဒက်ရှ်ဝါက ဆိုပါတယ်။

play


အိမ်သာပြတိုက်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဘင်ဒက်ရှ်ဝါက "ကျွန်တော့် စိတ်ကူးရည်ရွယ်ချက်က အိန္ဒိယမှာ ကျန်းမာရေးနဲ့အညီ မိလ္လာစနစ်နဲ့ အိမ်သာတွေ အသုံးပြုလာကြဖို့ပါ၊ အိမ်သာဆိုတာ မစင်ကြယ်တဲ့ ညစ်ပတ်တဲ့ စကားလုံးတစ်ခု၊ နေရာတစ်နေရာ မဟုတ်ဘူးဆိုတာ လူတွေကို ကျွန်တော်တို့ ပြောချင်ခဲ့ပါတယ်" လို့ ပြောပါတယ်။

play


ဘင်ဒက်ရှ်ဝါက ထိုသို့ပြောနေစဉ်မှာ လူ့မစင်ခြောက်ကို ကော်နဲ့ရောနှော ပြုလုပ်ထားတဲ့ အနက်ရောင် ဘောလုံးငယ်တစ်လုံးကို ဆော့ကစားပြခဲ့ပါသေးတယ်။ အိန္ဒိယမှာ အိမ်သာဆောက်လုပ် အသုံးပြုရေးကိစ္စဟာ ကိုင်တွယ်ရခက်ခဲနေဆဲ ဖြစ်ပါတယ်။


အိန္ဒိယလူဦးရေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ သန်း ၆၀၀ ခန့်ဟာ ကွင်းပြင်တွေ၊ ချုံပုတ်တွေမှာသာ မစင်စွန့်နေကြဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ စာရင်းတွေအရ သိရပါတယ်။

အိန္ဒိယမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းက မိုဘိုင်းဖုန်း သုံးနေကြပေမဲ့ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းမှာ အိမ်သာမရှိကြကြောင်း သိရပါတယ်။ ကမ္ဘာ့လူဦးရေထက်ဝက်ဟာလည်း နေအိမ်မှာ အိမ်သာမရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

play
မင်းသား အရှေကူးမား အိမ်သာပြတိုက်ကို လာရောက်ကြည့်ရှုစဉ်


လွန်ခဲ့တဲ့ ၃ နှစ်မှာ အိန္ဒိဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အိမ်သာဆောက်ရေးအစီအစဉ်ကို စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အိန္ဒိယပြည်သူအားလုံးအတွက် အိမ်သာများ တည်ဆောက်သွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံတစ်ဝှမ်း အိမ်သာ သန်း ၅၀ ကျော် တည်ဆောက်ရန် အကူအညီပေးခဲ့ကြောင်းလည်း သိရပါတယ်။

အိန္ဒိယမှာ အိမ်သာဆောက်လုပ်ရေး စည်းရုံးလှုံ့ဆော်တဲ့ အနေနဲ့ အင်္ဂလိပ်ဘာသာဖြင့် Toilet: A Love Story အမည်ရှိ ပညာပေးရုပ်ရှင်ကိုလည်း နာမည်ကြီး ဘောလိဝုဒ်မင်းသား အရှေကူးမား ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးပြသခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video