AD
AD
AD

အာဂျင်တီးနား ရေငုပ်သင်္ဘော ပျောက်ဆုံးနေမှု


ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၅ ရက်) ကတည်းက ပျောက်ဆုံးနေခဲ့တဲ့ ARA San Juan ရေငုပ်သင်္ဘောဟာ နောက်ဆုံး အဆက်အသွယ်ရခဲ့ချိန်မှာ စက်ချို့ယွင်းကြောင်း သတင်းပေးပို့ခဲ့တယ်လို့ အာဂျင်တီးနားနိုင်ငံ ရေတပ်က ပြောပါတယ်။

အမှုထမ်း ၄၄ ဦး လိုက်ပါသွားတဲ့ အဆိုပါ ရေငုပ်သင်္ဘောမှာ အာဂျင်တီးနား ကမ်းရိုးတန်းမှ မိုင် ၂၇၀ အကွာမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကို တောင်အတ္တလန်တစ် သမုဒ္ဒရာအတွင်း ရှာဖွေနေတယ်လို့ ဆိုပါတယ်။

play
ARA San Juan ရေငုပ်သင်္ဘော


"ရေငုပ်သင်္ဘောက ရေမျက်နှာပြင်ပေါ်ကို တက်လာခဲ့ပြီးတော့ စက်ချို့ယွင်းကြောင်း သတင်းပို့ခဲ့တယ်" လို့ အာဂျင်တီးနားရေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဂါဘရီရယ် ဂါလီယာဇီက ပြောပါတယ်။

ရေငုပ်သင်္ဘောထံမှ အကူအညီတောင်းခံတဲ့ အချက်ပြဆက်သွယ်မှုကို လက်ခံရရှိစဉ် ဆူညံသံတွေ ပါရှိနေခဲ့မှုကိုလည်း အာဂျင်တီးနားရေတပ်က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။


ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းခဲ့ကြောင်း အာဂျင်တီးနား အာဏာပိုင်တွေက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားတာလည်း ဖြစ်ပါတယ်။ ထိုသို့ စက်ချို့ယွင်းမှုမှာ ဖြစ်လေ့ဖြစ်ထ မရှိကြောင်းနဲ့ အန္တရာယ်ဖြစ်စေမှုလည်း ရှားပါးကြောင်း ဒုတိယဗိုလ်မှူးကြီး ဂါဘရီရယ်က ပြောပါတယ်။

"ဒီလို စစ်ဘက်ရေငုပ်သင်္ဘောတွေမှာ စက်ချို့ယွင်းခဲ့ရင်လည်း နေရာတစ်ခုကို ရွေ့လျားသွားနိုင်တဲ့ အရန်စနစ်တွေ ပါရှိပါတယ်" လို့ ၎င်းက ဆိုပါတယ်။

play
ရှာဖွေရေးမှာ အသုံးပြုသည့် လူလိုက်ပါခြင်းမရှိသော ရေငုပ်သင်္ဘောငယ်


ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောဟာ မူလက တနင်္လာနေ့ (နိုဝင်ဘာ ၂၀ ရက်) အထိ တာဝန်ဖြင့်ခရီးစဉ် ခုတ်မောင်းသွားနေတာ ဖြစ်ပေမဲ့ ခရီးစဉ်ကိုလျှော့ချရန် တင်ပြခဲ့ပြီးနောက် မာဒဲလ်ပလတ်တာမြို့ ဆိပ်ကမ်းကို တိုက်ရိုက် ခုတ်မောင်းသွားခဲ့ကြောင်း သိရပါတယ်။

ဒေသခံ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုအရ ARA San Juan ရေငုပ်သင်္ဘော စက်ချို့ယွင်းသွားကြောင်း သတင်းပေးပို့ခဲ့ပြီးနောက် သင်္ဘောကပ္ပတိန်က ထပ်မံ ဆက်သွယ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

play
ARA San Juan ရေငုပ်သင်္ဘော ခုတ်မောင်းရာ လမ်းကြောင်းပြ မြေပုံ


သင်္ဘောကပ္ပတိန်ရဲ့ ဆက်သွယ်မှုအတွင်း ရေငုပ်သင်္ဘောဟာ မာဒဲလ်ပလတ်တာကို ခုတ်မောင်းသွားနေပြီး ဖြစ်ကြောင်းနဲ့ အမှုထမ်း ၄၄ ဦးလုံး ကျန်းမာရေးကောင်းမွန်းကြောင်း ပြောထားတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေတဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘော ရှာဖွေရေးလုပ်ငန်းမှာ အမေရိကန်ရေတပ်ကလည်း ပါဝင်ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ARA San Juan ရေငုပ်သင်္ဘော

  • ဂျာမနီနိုင်ငံမှာ ၁၉၈၃ ခုနှစ်က တည်ဆောက်ခဲ့
  • ရေငုပ်သင်္ဘောအရှည် ၂၁၆.၅ ပေ ရှည်လျား
  • သင်္ဘောအမှုထမ်း ၄၄ ဦး လိုက်ပါသွားခဲ့
  • တစ်နာရီလျှင် ၂၈ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်
  • အကွာအဝေး ၁၃,၈၀၉ မိုင် ခုတ်မောင်းသွားလာနိုင်
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
AD