အမှုထမ်း ၄၄ ဦး လိုက်ပါသွားပြီး ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘော ARA San Juan ထံမှ နောက်ဆုံး အဆက်အသွယ်ရခဲ့တဲ့ နေရာအနီးမှာ ပေါက်ကွဲမှုဖြစ်တဲ့ အသံကို ထောက်လှမ်းသိရှိခဲ့ရတယ်လို့ အာဂျင်တီးနား ရေတပ်က အတည်ပြု ပြောကြားပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောအနီး ပေါက်ကွဲမှုဖြစ်


ထိုအခြေအနေအရ ရေငုပ်သင်္ဘောမှာရှိနေတဲ့ အမှုထမ်း ၄၄ ဦး အသက်ရှင်နေနိုင်သေးကြောင်း မျှော်လင့်ချက်ကို မှေးမှိန်စေခဲ့ပါတယ်။ ရေငုပ်သင်္ဘော နောက်ဆုံး တည်နေရာရဲ့မြောက်ဘက် မိုင် ၃၀ အကွာမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့ အသံကို ထောက်လှမ်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

play


ရေငုပ်သင်္ဘောအနီး တောင်အတ္တလန်တစ်သမုဒ္ဒရာအတွင်းမှာ ပုံမှန်မဟုတ်ဘဲ ကျယ်လောင်တဲ့အသံတစ်ခုကို နျူကလီးယားစမ်းသပ်မှု စောင့်ကြည့်အဖွဲ့တစ်ခုက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် ပေါက်ကွဲမှုအသံမှာ နျူကလီးယားပေါက်ကွဲမှု အသံမဟုတ်ကြောင်းလည်း ထိုအဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကတည်းက ပျောက်ဆုံးနေတဲ့ ARA San Juan ရေငုပ်သင်္ဘောမှာ လိုက်ပါသွားတဲ့ အမှုထမ်းတွေရဲ့ ဆွေမျိုးသားချင်းတွေက အဆိုပါသတင်းအပေါ် စိုးရိမ်ဒေါသထွက်ခဲ့ကြပါတယ်။

play


အမေရိကန် ရှာဖွေရေးအဖွဲ့ကလည်း ရေငုပ်သင်္ဘောရဲ့ တောင်အတ္တလန်တစ် သမုဒ္ဒရာအတွင်း ကျယ်လောင်တဲ့ ဆူညံသတစ်ခု ဖမ်းယူသိရှိခဲ့ကြောင်း ပြောထားပါတယ်။

အာဂျင်တီးနားရေတပ် ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ပေါက်ကွဲမှုအကြောင်းရင်းကို မသိရှိရသေးကြောင်းနဲ့ ရေငုပ်သင်္ဘော တိုက်ခိုက်ခံရတဲ့ အထောက်အထား မတွေ့ရဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။


အာဂျင်တီးနား ကမ်းရိုးတန်းမှ မိုင် ၂၇၀ အကွာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ARA San Juan ရေငုပ်သင်္ဘောကို အမေရိကန်၊ ရုရှားနဲ့ ဗြိတိန် အပါအဝင် ၁၂ နိုင်ငံကျော်မှ ကူညီရှာဖွေနေကြောင်းလည်း သိရပါတယ်။

ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောထံမှ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့စဉ် စက်ချို့ယွင်းကြောင်း သတင်းပေးပို့ခဲ့တယ်လို့ အာဂျင်တီးနားနိုင်ငံ ရေတပ်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောထားခဲ့ပါတယ်။

play


ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောဟာ မူလက တနင်္လာနေ့ (နိုဝင်ဘာ ၂၀ ရက်) အထိ တာဝန်ဖြင့်ခရီးစဉ် ခုတ်မောင်းသွားနေတာ ဖြစ်ပေမဲ့ ခရီးစဉ်ကိုလျှော့ချရန် တင်ပြခဲ့ပြီးနောက် မာဒဲလ်ပလတ်တာမြို့ ဆိပ်ကမ်းကို တိုက်ရိုက် ခုတ်မောင်းသွားခဲ့ကြောင်း သိရပါတယ်။

ARA San Juan ရေငုပ်သင်္ဘော

  • ဂျာမနီနိုင်ငံမှာ ၁၉၈၃ ခုနှစ်က တည်ဆောက်ခဲ့
  • ရေငုပ်သင်္ဘောအရှည် ၂၁၆.၅ ပေ ရှည်လျား
  • သင်္ဘောအမှုထမ်း ၄၄ ဦး လိုက်ပါသွားခဲ့
  • တစ်နာရီလျှင် ၂၈ မိုင်နှုန်းဖြင့် ခုတ်မောင်းနိုင်
  • အကွာအဝေး ၁၃,၈၀၉ မိုင် ခုတ်မောင်းသွားလာနိုင်
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video