ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတမူဂါဘီ ရာထူးမှနုတ်ထွက်သွားပြီးနောက် ဒုတိယသမ္မတဟောင်း အမ်မာဆန် အမ်နန်ဂါဝါက သမ္မတအဖြစ် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ကျမ်းသစ္စာကျိန်ဆိုသွားမှာ ဖြစ်ပါတယ်။

play
ဇင်ဘာဘွေသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် အမ်နန်ဂါဝါ


မူဂါဘီက ဒုတိယသမ္မတ အမ်မာဆန် အမ်နန်ဂါဝါကို နိုဝင်ဘာ ၆ ရက်မှာ ရာထူးမှထုတ်ပယ်လိုက်ပြီး ၎င်းရဲ့ဇနီးဖြစ်သူ ဂရေ့စ်ကို သမ္မတနေရာဆက်ခံရန် စီစဉ်လာခဲ့ရာမှ ဇင်ဘာဘွေမှာ နိုင်ငံရေးတင်းမာမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒုတိယသမ္မတအဖြစ်မှ ထုတ်ပယ်ခံခဲ့ရပြီး တစ်ကျော့ပြန် အမ်နန်ဂါဝါက ဟာရာရီမြို့တော် အားကစားကွင်းမှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမယ်လို့ သိရပါတယ်။ အမ်နန်ဂါဝါက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်မီအထိ သမ္မတအဖြစ် တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။


အာဏာရ ဇန်နူး-ပီအက်ဖ် (Zanu-PF) ပါတီခေါင်းဆောင်အဖြစ် မကြာမီက ခန့်အပ်ခံခဲ့ရတဲ့ အမ်နန်ဂါဝါကို ဇင်ဘာဘွေမှာ စွဲမြဲနေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ရန် အတိုက်အခံတွေက တောင်းဆိုထားပါတယ်။

အသက် ၇၅ နှစ်အရွယ် အမ်နန်ဂါဝါက ဇင်ဘာဘွေမှာ စီးပွားရေးပြန်လည်ကောင်းမွန်စေရန်နဲ့ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး လုပ်ဆောင်သွားမယ်လို့ မူဂါဘီ နုတ်ထွက်သွားပြီးနောက် ပြောထားခဲ့ပါတယ်။ ဇင်ဘာဘွေမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

play
မူဂါဘီနှင့် ဇနီးဖြစ်သူ ဂရေ့စ်

 
"ကျွန်တော်တို့ စီးပွားရေးတိုးတက်ဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုပါတယ်၊ ကျွန်တော်တို့ အလုပ်အကိုင်တွေ လိုအပ်ပါတယ်" လို့ ဟာရာရီမြို့မှာ ပြည်သူလူထုကို မိန့်ခွန်းပြောကြားခဲ့စဉ် အမ်နန်ဂါဝါက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video