AD
AD
AD

စပိန်နိုင်ငံ Tenerife အပန်းဖြေကျွန်းပေါ်ရှိ နိုက်ကလပ်တစ်ခုမှာ နိုဝင်ဘာ ၂၆ ရက်က ကြမ်းခင်းပြိုကျမှုကြောင့် လူ ၄၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

စပိန်အပန်းဖြေကျွန်းရှိ နိုက်ကလပ်မှာ ကြမ်းခင်းပြိုကျမှု


နိုက်ကလပ်ကြမ်းခင်း ပြိုကျမှုကြောင့် နိုက်ကလပ်အတွင်း ကခုန်ပျော်မြူးနေသူတွေဟာ မြေအောက်ထပ်ကို ပြုတ်ကျသွားခဲ့ကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Tenerife ကျွန်း Adeje ဒေသရှိ Butterfly Disco Club မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၆ ရက် မနက် ၂း၃၀ ဝန်းကျင်က ကြမ်းခင်းပြိုကျခဲ့တာ ဖြစ်ပါတယ်။

play


၄၃ ပေ ပတ်လည် အကျယ်အဝန်းရှိ နိုက်ကလပ်ကြမ်းခင်း ပြိုကျခဲ့မှုအတွင်း  ဒဏ်ရာရခဲ့သူတွေအနက် ပြင်သစ်အမျိုးသားနှစ်ဦး၊ ဗြိတိန်အမျိုးသားနှစ်ဦး၊ ရိုမေးနီးယားအမျိုးသားတစ်ဦးနဲ့ ဘယ်လ်ဂျီယံ အမျိုးသမီးတစ်ဦးတို့လည်း ပါဝင်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရအဖွဲု့က သတင်းထုတ်ပြန်ထားပါတယ်။


"ကြမ်းခင်းပြိုကျခဲ့ပြီးနောက် နိုက်ကလပ်ထဲမှာရှိနေသူတွေ မြေအောက်ထပ်ကို ပြုတ်ကျသွားခဲ့ကြတယ်၊ တိုက်ခန်းတစ်ထပ်စာ အမြင့်လောက်ကနေ ပြုတ်ကျခဲ့ကြတယ်" လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

နိုက်ကလပ်ကြမ်းခင်း ပြိုကျမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်သူတွေက ဒေသစံတော်ချိန် မနက် ၆ နာရီအထိ မြေအောက်ထပ်အတွင်း ပိတ်မိနေသူတွေရှိ မရှိ လိုက်လံရှာဖွေခဲ့ကြပါတယ်။

play

 
အာဏာပိုင်တွေရဲ့ အဆိုအရ နိုက်ကလပ်ကြမ်းခင်း ပြိုကျခဲ့ပြီး လူအများအပြား ပြုတ်ကျခဲ့တဲ့ မြေအောက်ထပ်ဟာ အသုံးမပြုဘဲထားတဲ့ နေရာအလွတ်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ကြမ်းခင်းပြိုကျမှုဖြစ်ခဲ့တဲ့ နိုက်ကလပ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ Playa de las Americas နေရာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

play


နိုက်ကလပ်ကြမ်းခင်း ပြိုကျမှုကြောင့် ဒဏ်ရာရခဲ့သူတွေအနက် ခြေထောက်ကျိုးသူတွေ၊ ခြေကျင်းဝတ် အဆစ်လွဲသူတွေနဲ့ ပွန်းပဲ့ဒဏ်ရာရသူတွေ ပါဝင်ခဲ့ပြီး လူနှစ်ဦးဟာ ဒဏ်ရာပြင်းထန်ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း Tenerife အာဏာပိုင်တွေက ပြောပါတယ်။ နိုက်ကလပ် ဖွင့်လှစ်ထားတဲ့ Tenerife ကျွန်းဟာ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုများပြားတဲ့ Canary ကျွန်းစုမှာ ပါဝင်ပါတယ်။

play


ယမန်နှစ်က စာရင်းတွေအရ Canary ကျွန်းစုကို ကမ္ဘာလှည့်ခရီးသည် ၁၃.၃ သန်း လာရောက်ခဲ့ကြပြီး စပိန်နိုင်ငံမှာ ကတ်တလိုနီးယားဒေသပြီးလျင် လာရောက်လည်ပတ်မှု ဒုတိယအများဆုံးနေရာလည်း ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်ထက်ဝက်ကျော်ဟာ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတို့မှဖြစ်ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD