ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ စိုက်ပျိုးရေးကောလိပ်ကျောင်းကို တာလီဘန်အစွန်းရောက်အုပ်စုမှ သေနတ်သမားများက စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန် ကောလိပ်ကျောင်းကို တာဘီဘန်တို့ စီးနင်းတိုက်ခိုက်မှု


တာလီဘန်သေနတ်သမားတွေက ပက်ရှ်ဝါမြို့ရှိ စိုက်ပျိုးရေးကောလိပ်ကျောင်းဝင်းကို ယနေ့ (ဒီဇင်ဘာ ၁ ရက်) စီးနင်းတိုက်ခိုက်မှုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

play


တိုက်ခိုက်မှုဖြစ်တဲ့ ကောလိပ်ကျောင်းကို ပါကစ္စတန်ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အလျင်အမြန်သွားရောက်ခဲ့ပြီး တာလီဘန် သေနတ်သမားအားလုံးကို အသေပစ်သတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပက်ရှ်ဝါမြို့ အနောက်မြောက်ပိုင်းရှိ စိုက်ပျိုးရေးကောလိပ်မှာ ၂ နာရီကြာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် တာလီဘန်အုပ်စုက ကောလိပ်ကျောင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်းနဲ့ စစ်တပ်ထောက်လှမ်းရေးမှ အေးဂျင့်များ လျှို့ဝှက်နေထိုင်တဲ့ နေရာတစ်ခုကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

play


တာလီဘန် သေနတ်သမားတွေက မွတ်စလင်မ်အမျိုးသမီးများ ဝတ်ဆင်ကြတဲ့ ဘွတ်ရ်ခါ (burqas) ဝတ်ရုံများဝတ်ဆင်ကာ အမျိုးသမီးများအသွင် ရုပ်ဖျက်ပြီး ကောလိပ်ကျောင်းကို ရောက်ရှိလာခဲ့ကြကြောင်း ပက်ရှ်ဝါရဲတပ်ဖွဲ့ အကြီးအကဲ တဟာရ်ခန်းက ပြောပါတယ်။

ထို့နောက် သေနတ်သမားတွေက ကောလိပ်ကျောင်းအစောင့်တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ကျောင်းဝင်အတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

play


ကောလိပ်ကျောင်းရှိ အဆောင်မှာ ပုံမှန်အားဖြင့် ကျောင်းသား ၄၀၀ နီးပါးရှိပေမဲ့ သီတင်းပတ်ကုန်ရက်များအတွင်း ကျောင်းပိတ်မှာဖြစ်တာကြောင့် အများစုက အိမ်ပြန်သွားခဲ့ကြပြီး စီးနင်းတိုက်ခိုက်ခံရစဉ် ကျောင်းသား ၁၂၀ ဝန်းကျင်သာ ကျန်ရှိနေခဲ့ကြောင်း ဒဏ်ရာရခဲ့တဲ့ ကျောင်းသားတစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။

"သေနတ်သံတွေ ကြားရတော့ အိပ်နေရာက လန့်နိုးခဲ့တာ၊ ကျောင်းဝင်ထဲမှာရှိနေသူတွေက တာလီဘန်တွေ တိုက်ခိုက်နေပြီလို့ အော်ဟစ်ပြီး ပြေးနေကြတယ်" လို့ ၎င်းက ဆိုပါတယ်။

play


ပက်ရှ်ဝါမြို့ရှိ Hayatabad Medical Complex မှ တာဝန်ရှိသူရဲ့ အဆိုအရ လူ ၆ ဦးဟာ သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ပြီး ၁၈ ဦးကို ဆေးကုသပေးထားကြောင်း သိရပါတယ်။

အခြား လူ ၃ ဦးဟာ Khyber သင်ကြားရေးဆေးရုံမှာ သေဆုံးခဲ့ကြောင်းနဲ့ ထိုဆေးရုံမှာ ဒဏ်ရာရသူ ၁၇ ဦး ကုသမှုခံယူနေကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ပက်ရှ်ဝါမြို့မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကလည်း စစ်တပ်ပိုင်ကျောင်းတစ်ကျောင်းကို တာလီဘန် သေနတ်သမားများက စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video