AD
AD
AD
play
ဇင်ဘာဘွေသမ္မတ အမ်နန်ဂါဝါနှင့် စစ်ဘက်အကြီးအကဲအချို့


ဇင်ဘာဘွေသမ္မတသစ် အမ်မာဆန် အမ်နန်ဂါဝါက အစိုးရအဖွဲ့ဖွဲ့စည်းခဲ့ရာ စစ်ဘက်အရာရှိတွေကို အရေးပါတဲ့ ဝန်ကြီးနေရာတွေမှာ ခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

ဇင်ဘာဘွေမှာ စစ်တပ်က ထိန်းချုပ်ခဲ့စဉ်က ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာချက်ဖတ်ကြားခဲ့တဲ့ ဗိုလ်ချုပ်ကြီး စီဘူဆစ်ဆို မိုရိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ထို့အတူ ဇင်ဘာဘွေလေတပ် အကြီးအကဲ ပီရင့်စ်ရှီရီကို စိုက်ပျိုးရေးနဲ့မြေယာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

play
နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး စီဘူဆစ်ဆို မိုရို


ဇင်ဘာဘွေမှာ ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတရောဘတ်မူဂါဘီ ရာထူးမှနုတ်ထွက်သွားခဲ့ပြီးနောက် အမ်နန်ဂါဝါက သမ္မတအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျမ်းသစ္စာကျိန်ဆိုပြီး အာဏာလွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။

သမ္မတသစ် အမ်နန်ဂါဝါက စစ်ဘက်အကြီးအကဲတွေကို အစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ဝန်ကြီးနေရာတွေမှာ ခန့်ထားမှုအပေါ် အတိုက်အခံ နိုင်ငံရေးသမားတွေက ရှုတ်ချဝေဖန်ခဲ့ကြပါတယ်။

သမ္မတသစ်ရဲ့ အစိုးရအဖွဲ့ဖွဲ့စည်းမှုဟာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို သစ္စာဖောက်ရာရောက်ကြောင်းနဲ့ စစ်တပ်က နိုင်ငံကို ဆက်လက်ထိန်းချုပ်ထားခြင်းကို ပေါ်လွင်စေတယ်လို့ အတိုက်အခံတွေက ဝေဖန်ကြပါတယ်။

play
ဇင်ဘာဘွေသမ္မတဟောင်း မူဂါဘီနှင့် ဇနီး


ဇင်ဘာဘွေမှာ မူဂါဘီက ဒုတိယသမ္မတ အမ်နန်ဂါဝါကို ရာထူးမှထုတ်ပယ်ခဲ့ရာမှ နိုင်ငံရေးမတည်ငြိမ်တွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်က ကြားဝင်ထိန်းချုပ်ခဲ့ပါတယ်။

စစ်တပ်က ထိန်းချုပ်ခဲ့ပြီးနောက် သမ္မတမူဂါဘီကို ရာထူးမှ ချက်ချင်းနုတ်ထွက်ရန် ဖိအားပေးမှုတွေ မြင့်တက်ခဲ့ပေမဲ့ မူဂါဘီက အစောပိုင်းမှာ ချက်ချင်းနုတ်ထွက်ရန် ငြင်းဆန်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ သမ္မတမူဂါဘီရဲ့ အာဏာရ ဇန်နူး-ပီအက်ဖ်ပါတီက ၎င်းကို ပါတီခေါင်းဆောင်အဖြစ်မှ ထုတ်ပယ်လိုက်ပြီး သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်ပေးရန်နဲ့ နုတ်ထွက်ခြင်းမပြုပါက စွပ်စွဲပြစ်တင် ကြားနာမှုပြုလုပ်ကာ သမ္မတအဖြစ်မှ ဖယ်ရှားသွားမယ်လို့ သတိပေးခဲ့ပါတယ်။

သမ္မတမူဂါဘီက ၎င်းကို စွပ်စွဲပြစ်တင်ကြားနာမှု မတိုင်မီမှာ ရာထူးမှနုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၉၃ နှစ်အရွယ် မူဂါဘီဟာ ၁၉၈၀ ပြည့်နှစ်မှာ ဗြိတိန်လက်အောက်မှ ဇင်ဘာဘွေ လွတ်လပ်ရေးရပြီးကတည်းက ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ သမ္မတဖြစ်လာခဲ့ပြီး ၃၇ နှစ်ကြာ အာဏာချုပ်ကိုင်လာခဲ့ကြောင်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD