AD
AD
AD

ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲအပြီး ဆူပူအုံကြွမှုများဖြစ်


ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲအပြီး အကြမ်းဖက်ဆန္ဒပြမှုတွေမှတစ်ဆင့် လမ်းမပေါ် ရန်ပွဲများ၊ လမ်းပိတ်ဆို့မှုများနဲ့ လုယက်မှုများနဲ့အတူ ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေခဲ့ရာ အစိုးရက တစ်နိုင်ငံလုံးမှာ ကာဖျူးအမိန့် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

သောကြာနေ့ (ဒီဇင်ဘာ ၁ ရက်) နှောင်းပိုင်းက ၁၀ ရက်ကြာ ကာဖျူးအမိန့်ထုတ်ပြန်လိုက်ပြီး ထိုရက်များအတွင်း ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ ဟွန်ဒူးရပ်စ်ပြည်သူများ နေအိမ်ပြင်ပထွက် သွားလာခြင်းကို တားမြစ်ပိတ်ပင်ထားပါတယ်။

play


ကာဖျူးအမိန့်အရ ပိတ်ပင်ထားချိန်အတွင်း နေအိမ်ပြင်ပထွက် သွားလာသူတွေကို ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်အစိုးရအဖွဲ့ ညှိနှိုင်းရေးမှူး ဂျော့ဂ်ျရာမွန် ဟာနန်ဒက်ဇ်က ကာဖျူးအမိန့်ဖတ်ကြားမှုအား ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခဲ့ပါတယ်။

ကာဖျူးအမိန့်ဟာ ဒီဇင်ဘာ ၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီမှာ စတင်သက်ရောက်ကြောင်း သိရပါတယ်။ ကားဖျူးအမိန့် ထုတ်ပြန်လိုက်ခြင်းဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ ဟွန်ဒူးရပ်စ်အတွက် အကျပ်အတည်း ပိုဖြစ်စေကြောင်း သုံးသပ်ကြပါတယ်။

play


ဟွန်ဒူးရပ်စ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၆ ရက်) က ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲအပြီး အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်တဲ့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အတိုက်အခံတွေက ရွေးကောက်ပွဲဟာ လက်ရှိသမ္မတ ဂျူအန်အော်လန်ဒို ဟာနန်ဒက်င်္ဇကို အသာရစေရန် ဖန်တီးထားမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲထားပါတယ်။

ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ ဆန္ဒမဲတွေကို ရေတွက်နေဆဲဖြစ်ပြီး ကနဦး ရလဒ်တွေအရ လက်ရှိသမ္မတ ဂျူအန်အော်လန်ဒို ဟာနန်ဒက်ဇ်က ကျဉ်းမြောင်းတဲ့ မဲရလဒ်ဖြင့် ဦးဆောင်နေတယ်လို့ ဆိုပါတယ်။

play


ရွေးကောက်ပွဲအပြီး ဟွန်ဒူးရပ်စ်နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒပြမှုတွေမှတစ်ဆင့် လမ်းပိတ်ဆို့မှုများ၊ လုယက်မှုများနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထိုအခြေအနေတွေကို ထိန်းသိမ်းပြီး တရားဥပဒေ ပြန်လည်စိုးမိုးနိုင်ရန် ကာဖျူးအမိန့်ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့ ဟွန်ဒူးရပ်စ် အာဏာပိုင်တွေက ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူအုံကြွမှုတွေကို အတိုက်အခံနဲ့ အစိုးရ နှစ်ဖက်လုံးက ရှုတ်ချခဲ့ကြပြီး ရွေးကောက်ပွဲရလဒ်အပေါ် တည်ငြိမ်အေးချမ်းစွာ တုံ့ပြန်ကြရန် တိုက်တွန်းထားပါတယ်။

play


ဆန္ဒမဲအရေအတွက် ၉၄ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးချိန်အထိ သမ္မတဟာနန်ဒက်ဇ်က မဲအရေအတွက် ၄၂.၉ ရာခိုင်နှုန်းနဲ့ ၎င်းရဲ့ပြိုင်ဘက် နက်စ်ရာလာက မဲအရေအတွက် ၄၁.၁ ရာခိုင်နှုန်း ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁ ရက် မွန်းလွဲပိုင်းမှာ ပြောပါတယ်။

play


အတိုက်အခံ သမ္မတလောင်း ဆလာဗာဒို နက်စ်ရာလာက ၎င်းထံမှာ ရွေးကောက်ပွဲလိမ်လည်မှု သက်သေ အထောက်အထားများရှိကြောင်းနဲ့ မဲပုံး ၅,၀၀၀ ကျော်မှ မဲတွေကို ပြန်လည်ရေတွက်ရန် အစောပိုင်းက တောင်းဆိုခဲ့ပါတယ်။

ဟွန်ဒူးရပ်စ်မှာ သမ္မတရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေမှတစ်ဆင့် ပေါ်ပေါက်ခဲ့တဲ့ ဆူပူအုံကြွမှု အဓိကရုဏ်းတွေကြောင့် လူတစ်ဦး သေဆုံးပြီး အခြား လူ ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဆူပူအုံကြွမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့က လူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

play
နက်စ်ရာလာ (ဝဲဘက်) နှင့် လက်ရှိသမ္မတ ဂျူအန်အော်လန်ဒို ဟာနန်ဒက်ဇ်

ဟွန်ဒူးရပ်စ်သမ္မတရွေးကောက်ပွဲ ပြိုင်ဘက်နှစ်ဦး

ဂျူအန်အော်လန်ဒို ဟာနန်ဒက်ဇ် (လက်ရှိသမ္မတ)

  • အသက် ၄၉ နှစ်အရွယ် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။
  • လက်ယာစွန်းပါတီ National Alliance ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပါတယ်။
  • မွေးချင်း ၁၇ ဦးအနက် ၁၅ ဦးမြောက်ဖြစ်ပြီး ၎င်းရဲမွေးချင်းနှစ်ယောက်ကလည်း နိုင်ငံရေးသမားတွေ ဖြစ်ကြပါတယ်။
  • ဟွန်ဒူးရပ်စ် တရားရုံးချုပ်က သမ္မတတစ်ဦး နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားမှုကို ရုပ်သိမ်းလိုက်ပြီးနောက် ပြန်လည်ရွေးကောက်ခံတဲ့ ပထမဆုံး ဟွန်ဒူးရပ်စ်သမ္မတ ဖြစ်ပါတယ်။
  • သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပါက ဟွန်ဒူးရပ်စ်မှာ လွှမ်းမိုးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းသွားမယ်လို့ ပြောထားပါတယ်။

ဆလာဗာဒို နက်စ်ရာလာ (အတိုက်အခံ ကိုယ်စားလှယ်လောင်း)

  • အသက် ၆၄ နှစ်အရွယ် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူနဲ့ အားကစားဂျာနယ်လစ်ဟောင်း ဖြစ်ပါတယ်။
  • လက်ဝဲနဲ့ လက်ယာစွန်းရောက် နိုင်ငံရေးပါတီများ ပူးပေါင်းဖွဲစည်းထားတဲ့ Opposition Alliance Against the Dictatorship ညွန့်ပေါင်းအဖွဲကို ဦးဆောင်သူဖြစ်ပါတယ်။
  • မိဘတွေက လက်ဘနွန်နွယ်ဖွားတွေ ဖြစ်ကြပါတယ်။
  • ၂၀၁၃ ခုနှစ် သမ္မတရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိသမ္မတ ဂျူအန်အော်လန်ဒို ဟာနန်ဒက်ဇ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
  • ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က အဂတိလိုက်စားမှုကို တိုက်ဖျက်သွားမယ်လို့ ကတိပြုထားသူ ဖြစ်ပါတယ်။
Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD